ပူလီဆစ်ရဲ့နောက်ကျဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။

ချဲလ်ဆီးက ဒီပွဲမှာ နောက်တန်းက ရူဒီဂါမပါဝင်လာဘဲ ချာလိုဘာ့ဂ်၊ သီယာဂိုဆေးလ်ဗား၊ အက်ဇ်ပီလီကွီတာတို့နဲ့ ပွဲထွက်ခဲ့ပါတယ်။ ညာ Wing Back နေရာမှာ လော့ဖ်တပ်ချိခ် ကစားခဲ့ပြီး ကွင်းလယ်မှာ ဂျော်ဂျင်ဟို၊ ကန်တေတို့ကို အသုံးပြုခဲ့ပါတယ်။



တိုက်စစ်မှာတော့ ဟာဗက်ဇ်၊ မေဆင်မောင့်၊ ဗာနာတို့ ပွဲထွက်ခဲ့ပါတယ်။ ဝက်စ်ဟမ်းကတော့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ရှိလို့ အဓိက,ကစားသမားအများစုကို အနားပေးခဲ့ပါတယ်။ အန်တိုနီယို၊ ဘိုဝင်၊ ဒကလန်ရိုက်စ်တို့ အရံခုံမှာပဲရှိနေခဲ့ပြီး ယာမိုလန်ကို၊ နိုဘယ်လ်၊ ဘန်ရာဟာမာတို့ ပါဝင်ခဲ့ပါတယ်။

ပထမပိုင်းမှာ နှစ်သင်းလုံး အပိုင်အခွင့်အရေးတွေမရခဲ့ဘဲ ချဲလ်ဆီးက နည်းနည်းလေးသာတယ်ပြောနိုင်ပေမယ့် ပွဲက တော်တော်အေးစက်ခဲ့ပါတယ်။ နှစ်သင်းလုံးရဲ့ လက်ရှိအနေအထားအရ အသည်းအသန် အမှတ်မလိုတာကြောင့်လည်း ဒီလိုဖြစ်တယ်ဆိုရမှာပါ။

ဒုတိယပိုင်းမှာတော့ ပွဲကမြိုင်ဆိုင်လာခဲ့ပြီး တဖက်နဲ့တဖက် အပြန်အလှန်ထိုးဖောက်မှုတွေကို မြင်တွေ့ခဲ့ရတာပါ။ ယာမိုလန်ကို၊ ဘန်ရာဟာမာတို့က ချဲလ်ဆီးကို တန်ပြန်တိုက်စစ်နဲ့ ဒုက္ခပေးဖို့ ကြိုးစားခဲ့ပြီး ချဲလ်ဆီးရဲ့ အပိုင်လို့ဆိုနိုင်တဲ့ အခွင့်အရေးတွေ ဂိုးမဖြစ်ခဲ့တာလည်း နစ်နာခဲ့ပါတယ်။

အထူးသဖြင့် ဗာနာဂိုးကံခေတာကို ဒီပွဲမှာ ပြန်လည်မြင်တွေ့ခဲ့ရပြီး အနီးကပ်အခွင့်အရေးသုံးကြိမ်လောက်က လွယ်လွယ်လေးနဲ့ လေလွင့်သွားတယ်ပြောရမှာပါ။ နောက်ပိုင်းမှာ ဝက်စ်ဟမ်းက ဒကလန်ရိုက်စ်၊ ဘိုဝင်၊ လန်ဇီနီတို့ကို ထည့်သွင်းခဲ့ပါတယ်။ ချဲလ်ဆီးကလည်း ဇီယက်ချ်၊ ပူလီဆစ်၊ လူကာကူတို့ကို ထည့်သွင်းပြီး တိုက်စစ်ကို အပြောင်းအလဲလုပ်ခဲ့ပါတယ်။

ပွဲကစားချိန် (၈၅) မိနစ်မှာ လူကာကူကို ဒေါ်ဆင်ဆွဲလှဲခဲ့တာကြောင့် တိုက်ရိုက်အနီကတ်ထိခဲ့သလို ပင်နယ်တီလည်းပေးခဲ့ရပါတယ်။ ဒီပင်နယ်တီကို ဂျော်ဂျင်ဟိုက ဖေဘီယန်စကီးဆီ သပ်သပ်ရပ်ရပ်လေး ကန်ပေးခဲ့တာကြောင့် ချဲလ်ဆီးတို့ နစ်နာခဲ့ရပါတယ်။ ဒါပေမယ့် မိနစ် (၉၀) မှာတော့ ချဲလ်ဆီးတို့ အနိုင်ဂိုးရရှိခဲ့ပြီး ဒီဂိုးကိုတော့ အလွန်ဆိုရဲ့ဖန်တီးပေးမှုကတဆင့် ပူလီဆစ်က ပိတ်သွင်းခဲ့ပါတယ်။

တချိန်တည်း ကစားခဲ့တဲ့ပွဲတွေမှာတော့ ဘရိုက်တန်နဲ့ဆောက်သမ်တန်က နှစ်ဂိုးစီသရေ၊ ဘန်လေက ဝုလ်ဗ်ကို ၁-၀ ဂိုးတို့နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဘန်လေအတွက်ကတော့ တန်းမဆင်းရရေးအတွက် မျှော်လင့်ချက်ရှိစေခဲ့တဲ့ နိုင်ပွဲဖြစ်ခဲ့ပြီး ချဲလ်ဆီး၊ ဘရိုက်တန်ပွဲတွေကတော့ အမှတ်ပေးဇယားရပ်တည်မှုကို သိသိသာသာ ထိခိုက်စေတာမျိုးမရှိခဲ့ပါဘူး။ 

Share

က္က