ရွှေဖိနပ်ဆုအတွက် နောက်ဆုံးပွဲအထိ အကြိတ်အနယ်ဖြစ်ခဲ့ပြီးနောက် ဆွန်ဟောင်မင်ဟာ နော်ဝှစ်ချ်ကို နှစ်ဂိုးသွင်းပြီး ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကြီးကို ရယူသွားနိုင်ခဲ့ပါပြီ။ ဒါပေမယ့် ဆာလာကလည်း လီဗာပူးလ်အတွက် လူစားဝင်လာပြီးနောက် တဂိုးသွင်းယူခဲ့လို့ ရွှေဖိနပ်ဆုကို ပူးတွဲရယူသွားခဲ့တာပါ။ (ပူးတွဲပေးတယ်လို့ ကနဦးသိရ) စပါးရဲ့ ဂိုးပြတ်နိုင်ပွဲနဲ့အတူ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိသလို ဆွန်ကလည်း ရွှေဖိနပ်ဆုကို သိမ်းပိုက်နိုင်ခဲ့လို့ စပါးပရိသတ်တွေကျေနပ်စရာညတညဖြစ်ခဲ့ရပါတယ်။
ကူလူဆက်ဗ်စကီနဲ့ ကိန်းတို့ကပဲ ဂိုးတွေသွင်းနေတာကြောင့် ဆွန်ဟောင်မင်ပရိသတ်တွေ မချင့်မရဲဖြစ်နေခဲ့ရပြီး ပွဲချိန်ဒုတိယပိုင်းမှာ ဆွန်က ဂိုးတွေရရှိခဲ့တာဖြစ်ပါတယ်။ ပရိးမီးယားလိဂ်မှာ ပင်နယ်တီမပါဝင်ဘဲ ဂိုးပေါင်း ၂၃ ဂိုးအထိ သူက သွင်းယူနိုင်ခဲ့ပြီး အာရှသားတဦးက ပရီးမီးယားလိဂ်မှာ ပထမဆုံးအကြိမ်အဖြစ် ရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။
ဒ့ါအပြင် ဥရောပထိပ်တန်းလိဂ်ငါးခုမှာ ဘယ်အာရှသားမှ ရွှေဖိနပ်ဆုမရရှိခဲ့တဲ့ စံချိန်ကိုလည်း ဆွန်က ပျက်ပြယ်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အသက် ၂၉ နှစ်အရွယ် တောင်ကိုရီးယားသားရဲ့ ဒီရာသီခြေစွမ်းက အံ့မခန်းဖြစ်နေခဲ့ပြီး ကမ္ဘာကျော်လိဂ်မှာ ရွှေဖိနပ်ဆုပါ ဆွတ်ခူးနိုင်ခဲ့တာမို့ သူ့ရဲ့ခြေစွမ်း၊ အားထုတ်မှုတွေက စံနမူနာယူစရာဖြစ်လာတော့မှာပါ။
ကမ္ဘာကျော်တိုက်စစ်မှူးတွေအများအပြားနဲ့ ယှဉ်ပြိုင်ခဲ့ရာမှာ တိုက်စစ်မှူးစစ်စစ်မဟုတ်တဲ့ ဆွန်က ပင်နယ်တီဂိုးလုံး၀မပါဘဲ ရွှေဖိနပ်ဆုရခဲ့တာဖြစ်ပါတယ်။ ဒါဟာ ပရီးမီးယားလိဂ်သမိုင်းမှာလည်း ပင်နယ်တီဂိုးမပါဘဲ ရွှေဖိနပ်ဆုဆွတ်ခူးတဲ့ ပထမဆုံးသော ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပြီး အာရှတိုက်အတွက်တော့ ဂုဏ်ယူစရာမှတ်တမ်းတစ်ခုဖြစ်လာခဲ့ပါတယ်။