လီဗာပူးလ်က အဆင့် ၈ နေရာမှာ ရပ်တည်နေတာပါ။

လီဗာပူးလ်နည်းပြကြီး ယာဂင်ကလော့ပ်က သူတို့အနေနဲ့ လက်ရှိမှာ ထိပ်ဆုံး ၆ သင်းစာရင်းထဲ ဝင်ဖို့ကို ဂရုမစိုက်တော့ဘူးလို့ ပြောဆိုလိုက်ပါတယ်။ အာဆင်နယ်နဲ့ ကစားရမယ့်ပွဲမတိုင်ခင်မှာ ပြောဆိုခဲ့တာဖြစ်ပြီး တပွဲပြီးတပွဲကို အနိုင်ရအောင် ကြိုးစားဖို့ကိုပဲ အာရုံစိုက်နေရတယ်လို့ ကလော့ပ်က ပြောဆိုခဲ့ကာ ဘယ်လိုပဲဖြစ်လာလာ လက်ခံရတော့မယ်လို့ ဝန်ခံလိုက်ပါတယ်။ 

လီဗာပူးလ်ကတော့ အဆင့် ၈ နေရာမှာ ရပ်တည်နေပြီး ပရီးမီးယားလိဂ်မှာ ၃ပွဲဆက်တိုက် နိုင်ပွဲပျောက်နေကာ ဥရောပဝင်ခွင့်အတွက် စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေတာပါ။ တကယ်လို့ လီဗာပူးလ်အနေန​ဲ့ လက်ရှိရပ်တည်မှုအတိုင်းသာ ရာသီကုန်ဆုံးခဲ့မယ်ဆိုရင် ၂၀၁၆ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဥရောပဝင်ခွင့်နေရာနဲ့ လွဲချော်မှုလည်း ဖြစ်လာမှာပါ။ 

လီဗာပူးလ်ရဲ့ လက်ရှိအနေအထားအပေါ်မှာ ပရိသတ်တွေက စိုးရိမ်နေကြပြီး လာမယ့်ရာသီမှာ အသင်းကို ပြန်လည်တည်ဆောက်မှုတွေ လုပ်ဖို့​မျှော်လင့်နေပါတယ်။ ကလော့ပ်က "အဲဒါက ကျနော်က စဉ်းစားနိုင်တဲ့ အရာနဲ့ မပတ်သက်ပါဘူး၊ ကျနော်တို့ ဘယ်အဆင့်နဲ့ ပြီးဆုံးမလဲ မသိဘူး၊ ဒါကို ကျော်ဖြတ်ရမယ်ဆိုတာ ကျနော်သိပါတယ်၊ ပြီးတော့ ရာသီသစ်မှာ အသစ်ကနေ ပြန်စရပါမယ်"

"ဒီနေ့ခေတ်မှာတော့ ဒါက ကြီးမားတဲ့ စိန်ခေါ်မှုပါ၊ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကတည်းက ဒါကလွယ်ကူခဲ့တာမဟုတ်ပါဘူး၊ အခုဆိုရင် မဖြစ်နိင်ဖို့က ပိုပြီးတော့ နီးစပ်လာပါတယ်၊ တကယ်လို့ နောက် ၁၀ ပွဲလုံးရှုံးလို့ ကျနော်က နောက်ရာသီမှာ ငါတို့ ပြန်လာမယ်လို့ ပြောမယ်ဆိုရင် ယုံကြည်ခက်နေမှာပါပဲ"

"ရိုးရိုးသားသားပြောရရင် အတိတ်မှာ ကျနော်တို့ လုပ်ပြနိုင်ခဲ့တာတွေကို ဂရုမစိုက်နိုင်အားတော့ပါဘူး၊ ပြီးတော့ ထိပ်ဆုံး ၆ နေရာကိုလည်း ဂရုမစိုက်နိုင်ပါဘူး၊ ကျနော်တို့ နိုင်ပွဲတပွဲရဖို့ လိုအပ်နေပြီး ပြီးရင် နောက်ထပ်နောက်ထပ်ပွဲတွေ အနိုင်ရဖို့ လိုအပ်ပါတယ်၊ ကွင်းထဲမှာ အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြန်ရှာဖို့ လိုပါတယ်၊ တနေရာရာမှာ အဲဒါက ပုန်းကွယ်နေပြီး ကျနော်တို့ ရှာတွေ့နိုင်ဖို့ လိုအပ်ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ 

Share

Loading Next Article...
က္က