ရီးရဲလ်မက်ဒရစ်ဟာ ဖင်လန်နိုင်ငံမှာ ဖရန့်ဖတ်နဲ့ကစားခဲ့တဲ့ ဥရောပစူပါဖလားပွဲမှာ နောက်ခံလူအလာဘာ၊ တိုက်စစ်မှူးဘန်ဇီမာတို့ရဲ့ဂိုးတွေနဲ့အတူ နှစ်ဂိုးပြတ်နဲ့အနိုင်ရရှိပြီး ချန်ပီယံဆုကို ထပ်မံဆွတ်ခူးနိုင်ခဲ့ပါတယ်။ ယူရိုပါလိဂ်ချန်ပီယံဖရန့်ဖတ်ကတော့ သူတို့ရဲ့အားထားရတဲ့ တောင်ပံကစားသမား ကော့စတစ် ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့သွားတာကြောင့် ပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး။
ရီးရဲလ်မက်ဒရစ်ဟာ လီဗာပူးနဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲက လူစာရင်းအတိုင်းပဲ ပြန်လည်ပွဲထွက်လာခဲ့ပြီး ဖရန့်ဖတ်ကတော့ ဘော်ရီ၊ ကာမာဒါ၊ လင်းစထရောင်းမ်၊ ရိုဒီ၊ အန်ဒစ်ကာ၊ ထရပ်တို့ကို အမာခံထားပွဲထုတ်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ကတော့ သူတို့ရဲ့ထုံးစံအတိုင်းပဲ ပွဲအခြေအနေကိုကြည့်ပြီး ကစားအားကို အတင်အချလုပ်သွားပါတယ်။
ပထမပိုင်းမှာ ကာမာဒါရဲ့ကန်ချက်ကို ကော်တွိုက်စ်ကာကွယ်နိုင်ခဲ့သလို ရီးရဲလ်မက်ဒရစ်က ဗီနီရှပ်စ်၊ ဘန်ဇီမာတို့ရဲ့ ကန်ချက်တွေ ဂိုးမဖြစ်ခဲ့တာကလည်း နစ်နာခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အတွက် အဖွင့်ဂိုးကိုတော့ ထောင့်ကန်ဘောကတဆင့် ကက်စ်မဲရိုးခေါင်းတိုက်ချပေးတာကို အလာဘာက လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ် တိုက်စစ်ဆင်တဲ့အချိန်တိုင်း ဖရန့်ဖတ်နောက်တန်းက ရုန်းကန်ခဲ့ရပြီး ဒုတိယပိုင်းမှာလည်း ကက်စ်မဲရိုးရဲ့ကန်ချက် ဘားတန်းထိထွက်ခဲ့တာ၊ ဗီနီရှပ်စ်ရဲ့ကန်ချက်ကို ထရပ်ကာကွယ်နိုင်ခဲ့တာတို့ကြောင့် ဒီထက် ဂိုးမပြတ်ခဲ့တာပါ။ ရီးရဲလ်မက်ဒရစ်အတွက် ပွဲသိမ်းဂိုးကိုတော့ ပြီးခဲ့တဲ့ရာသီမှာ ဆက်တိုက်အတွဲမိခဲ့တဲ့ ဗီနီရှပ်စ်နဲ့ဘန်ဇီမာတို့ကြောင့်ရရှိခဲ့ပါတယ်။
ဗီနီရှပ်စ် ချပေးလိုက်တဲ့ ဘောလုံးကို ဧရိယာထိပ်ကနေ ဘန်ဇီမာက လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းပြီး ရီးရဲလ်မက်ဒရစ်တို့ အနိုင်သေချာခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အတွက်တော့ ဒါဟာ (၂၀၂၂) အတွင်း လေးလုံးမြောက်ဆုဖလားဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဥရောပစူပါဖလားကိုလည်း (၅) ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး ဒီဆုဖလားမှာ ဘာစီလိုနာ၊ အေစီမီလန်တို့နဲ့အတူ အအောင်မြင်ဆုံးအသင်းအဖြစ် ပူးတွဲမှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။