ဟာရီ ကိန်းကို တော့တင်ဟမ်ဟော့စပါးအသင်းကနေ ခေါ်ယူနိုင်ဖို့အတွက်ဆိုရင် အဲဒီစည်းမျဉ်းကို ပျော်ပျော်ကြီး ချိုးဖောက်ဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ တော့တင်ဟမ်ဟော့စပါးတိုက်စစ်မှူး ဟာရီ ကိန်းကို ခေါ်ယူဖို့အတွက် ကြိုးပမ်းနေတာကြောင့် ခရစ္စတီယာနို ရော်နယ်လ်ဒို လစာစည်းမျဉ်းကို ချိုးဖောက်ဖို့အတွက် စဉ်းစားနေတယ်လို့ သိရပါတယ်။

The Daily Star ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်ဟာ တော့တင်ဟမ်ဟော့စပါးတိုက်စစ်မှူးကို အိုးထရက်ဖို့ဒ်ကို ခေါ်ယူနိုင်ဖို့အတွက် မကြာသေးမီက ပြဌာန်းခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒို လစာစည်းမျဉ်းကို ချွင်းချက်ထားဖို့အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ အသင်းလူစာရင်းထဲမှာ သဟဇာတဖြစ်မှုကို ယူဆောင်နိုင်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ တစ်ပတ်လုပ်ခလစာ ပေါင် ၂ သိန်းကို အများဆုံးပမာဏအဖြစ် ကန့်သတ်ခဲ့တာဖြစ်ပြီး အဲဒီစည်းမျဉ်းကို ခရစ္စတီယာနို ရော်နယ်လ်ဒို စည်းမျဉ်းလို့ ခေါ်ဝေါ်ခဲ့တာဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ စာချုပ်ဖျက်သိမ်းမှု မတိုင်ခင် ပေါ်တူဂီတိုက်စစ်မှူးဟာ အိုးထရက်ဖို့ဒ်မှာ အခြေခံ တစ်ပတ်လုပ်ခလစာ ပေါင် ၃၈၅၀၀၀ အထိ ရရှိခဲ့ပြီး အသင်းရဲ့ လစာအမြင့်မားဆုံး ကစားသမားအဖြစ် ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မူဝါဒအသစ်အရ လစာပမာဏဟာ အများဆုံး တစ်ပတ်ကို ပေါင် ၂ သိန်းသာ ပေးချေတော့မှာဖြစ်ပြီး လက်ရှိ အသင်းမှာ ထိပ်တန်းလစာရရှိနေတဲ့ ဒဟေးယားအနေနဲ့ စာချုပ်သစ် ချုပ်ဆိုမယ်ဆိုရင် လစာပမာဏ သိသိသာသာ လျှော့ယူရတာ့မှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ဟာ အင်္ဂလန်လက်ရွေးစင်သင်းခေါင်းဆောင် ဟာရီ ကိန်းကို တော့တင်ဟမ်ဟော့စပါးအသင်းကနေ ခေါ်ယူနိုင်ဖို့အတွက်ဆိုရင် အဲဒီစည်းမျဉ်းကို ပျော်ပျော်ကြီး ချိုးဖောက်ဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သိရပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ၂၀၂၁ ခုနှစ် နွေရာသီတုန်းက မန်ချက်စတာစီးတီးအသင်းက ဟာရီ ကိန်းကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့တဲ့အချိန်တုန်းက တစ်ပတ်လုပ်ခလစာ ပေါင် ၃၇၅၀၀၀ နဲ့ ကမ်းလှမ်းခဲ့တာကို သတိပြုမိနေတယ်လို့ Daily Star က ဖော်ပြခဲ့ပြီး စပါးစ်ကြယ်ပွင့်အတွက် ကြီးမားတဲ့ ဆုကြေးငွေပေးချေရမယ့်အပြင် ပြောင်းရွှေ့ကြေးကလည်း ပေါင်သန်း ၁၂၀ ဝန်းကျင်ရှိတယ်လို့ ကောလာဟလတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။


ဒါကြောင့် မန်ချက်စတာယူနိုက်တက်အသင်းဟာ ဟာရီ ကိန်းကို တော့တင်ဟမ်ဟော့စပါးအသင်းကနေ ခေါ်ယူနိုင်ဖို့အတွက် ပေါင်သန်း ၃၀၀ ဝန်းကျင် သုံးစွဲသွားဖို့ လိုအပ်မှာဖြစ်သလို ကြီးမားတဲ့ လုပ်ခလစာနဲ့ ဆွဲဆောင်နိုင်ဖို့အတွက် ခရစ္စတီယာနို ရော်နယ်လ်ဒို လစာစည်းမျဉ်းကိုလည်း ချိုးဖောက်ဖို့ လိုအပ်မှာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က