မန်ချက်စတာယူနိုက်တက်အသင်းကနေ ရိန်းဂျားစ်ကို အငှားနဲ့သွားရောက်ကစားနေတဲ့ အာမက်ဒီယာလိုဟာ အသင်းသစ်အတွက် ပထမဆုံးပွဲမှာပဲ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အသက် ၁၉ နှစ်အရွယ် တောင်ပံကစားသမားဟာ အတ္တလန္တာကနေ ပြောင်းရွှေ့ခဲ့ပြီးနောက် ရိန်းဂျားစ်ကို အငှားထွက်ကစားခဲ့ရတာဖြစ်ပြီး မနေ့ကကစားခဲ့တဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။
ရော့စ်ကောင်တီနဲ့ ကစားခဲ့ရတဲ့ပွဲဖြစ်ပြီး အကြိတ်အနယ်ရှိခဲ့ကာ တဖက် ၃ ဂိုးစီသရေပွဲနဲ့ ပြီးဆုံးခဲ့ပါတယ်။ အသင်းသစ်အတွက် စတင်ပွဲထွက်ခွင့်ရခဲ့တဲ့ အာမက်ဟာ ပွဲအစ ၄ မိနစ်မှာ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ပထမဆုံးဘောလုံးထိချက်မှာပဲ ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့တာပါ။ အသင်းဖော်ရဲ့ ဂိုးဧရိယာရှေ့ဖြတ်တင်ပေးပို့မှုကို အေးအေးဆေးဆေးပိတ်သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
သူဂိုးသွင်းယူနိုင်ခဲ့အပြီးမှာတော့ ယူနိုက်တက်အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ရက်ရှ်ဖို့၊ လင်ဂတ်တို့က လူမှုကွန်ယက်ကတဆင့် အားပေးမှုတွေပြုလုပ်ခဲ့ပါတယ်။ အာမက်ဟာ အတ္တလန္တာကနေ ပေါင် ၃၇ သန်းနဲ့ ယူနိုက်တက်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ဗြိတိန်မှာ သူ့အတွက် ဒုတိယမြောက်ဂိုးကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ကစားသမားဘ၀မှာတော့ သူက မတ်လ ၁၁ ရက်နေ့က ကစားခဲ့တဲ့ အေစီနဲ့ပွဲမှာ တဂိုးသွင်းယူပေးခဲ့တာပါ။
ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၉ ပွဲသာ ကစားပေးထားရသေးသူဖြစ်ပြီး ပုံမှန်နေရာရဖို့အတွက်က ပြိုင်ဆိုင်ရမယ့်ကစားသမားတွေများနေလို့ အငှားထွက်ကစားခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အနာဂတ်မှာ အသင်းအတွက်အားထားရမယ့် ကစားသမားအဖြစ် သူ့ကို ရှုမြင်ထားပြီး ပွဲအတွေ့အကြုံနဲ့ ပုံမှန်ကစားခွင့်ရစေဖို့ ယူနိုက်တက်ဘက်က စီစဉ်ခဲ့တာဖြစ်ပြီး ကစားသမားဘက်ကလည်း လက်ခံခဲ့တာဖြစ်ပါတယ်။