ရေကြီးနေတဲ့ လမ်းမတစ်လျှောက် ဒန်အိုးကြီးထဲမှာ လိုက်ပါကြရင်း မင်္ဂလာပွဲဆင်နွှဲမယ့်နေရာကို အရောက်သွားခဲ့ကြပါတယ်

အိန္ဒိယတောင်ပိုင်း ကီရာလာပြည်နယ်တစ်ဝန်း လတ်တလော ရေကြီးမှုများ ဆိုးရွားစွာဖြစ်ပေါ်နေခဲ့ပြီး မြို့တွေ ရွာတွေရဲ့ လမ်းမတွေ ရေနစ်မြုပ်နေခဲ့ပါတယ်။

(Photo: @Shilpa1308 / Twitter)

ကီရာလာပြည်နယ်အတွင်း မြို့တစ်မြို့မှ စုံတွဲတစ်တွဲကတော့ သူတို့မြို့မှာ ရေနစ်မြုပ်တဲ့ လမ်းမကို မရရအောင်ဖြတ်ကျော်ပြီး မင်္ဂလာဆောင်မယ့်နေရာကို အရောက်သွားခဲ့ကြပါတယ်။ သူတို့နှစ်ဦးက ရေကြီးနေတဲ့ လမ်းမတစ်လျှောက် ထမင်း/ဟင်းချက်တဲ့ ဧရာမ ဒန်အိုးကြီးထဲမှာ လိုက်ပါကြရင်း မင်္ဂလာပွဲဆင်နွှဲမယ့်နေရာကို အရောက်သွားခဲ့ကြတာ ဖြစ်ပါတယ်။



ကီရာလာပြည်နယ် Alappuzha ခရိုင်မှ သတို့သား Akash နဲ့ သတို့သမီး Aishwarya တို့ဟာ Thalavady ကျေးရွာ ဘုရားကျောင်းကို ဒန်အိုးကြီးစီးပြီး ရောက်ရှိသွားခဲ့ကြပါတယ်။ မင်္ဂလာမောင်နှံ လိုက်ပါကြတဲ့ ဒန်အိုးကြီးကို အိမ်နီးနားချင်းတွေက ပေ ၁,၆၀၀ ကျော် အကွာအဝေးမှာရှိတဲ့ ဘုရားကျောင်းသို့ ဝိုင်းဝန်းကူညီ တွန်းပို့ခဲ့ကြတယ်လို့ ဆိုပါတယ်။

(Photo: PTI)

Alappuzha ခရိုင်ရဲ့ နေရာအများအပြားဟာ ရေလွှမ်းမိုးနေခဲ့ရာ Akash နဲ့ Aishwarya တို့ရဲ့ မင်္ဂလာပွဲကို ရင်းနှီးတဲ့ မိသားစုတွေသာ တက်ရောက်နိုင်ခဲ့ကြပါတယ်။ ထိုစုံတွဲဟာ COVID-19 ကပ်ရောဂါကာလ ဖြစ်တာကြောင့်လည်း ယခင်ကတည်းက မင်္ဂလာပွဲသို့ ဖိတ်ကြားမယ့်ဧည့်သည်ဦးရေကို လျှော့ချထားခဲ့တယ်လို့ ပြောပါတယ်။

မင်္ဂလာဆောင်မယ့်နေ့ကို တနင်္လာနေ့ (အောက်တိုဘာ ၁၈ ရက်) အဖြစ် ရွေးချယ်ထားခဲ့ပြီး ထိုနေ့ဟာ မင်္ဂလာရှိတဲ့ နေ့ကောင်းနေ့မြတ်ဖြစ်တာကြောင့် မရွှေ့ဆိုင်းချင်ခဲ့ကြဘူးလို့ Akash နဲ့ Aishwarya တို့က ပြောပါတယ်။ "မင်္ဂလာပွဲကို စီစဥ်ထားတဲ့အတိုင်း မင်္ဂလာအချိန်မှာ ကျင်းပခဲ့တဲ့အတွက် ကျွန်မတို့အားလုံး ပျော်ပါတယ်" လို့ သတို့သမီး Aishwarya က ဆိုပါတယ်။

Akash နဲ့ Aishwarya တို့ စုံတွဲက ရေကြီးနေတဲ့ လမ်းတစ်လျှောက် ဒန်အိုးကြီးစီးပြီး မင်္ဂလာပွဲကျင်းပမယ့် ဘုရားကျောင်းကို အရောက်သွားခဲ့ကြတဲ့ ဗီဒီယိုမှတ်တမ်းကို ဆိုရှယ်မီဒီယာမှာ လွှင့်တင်ခဲ့ရာ သဘောကျပြီး ပြန်လည်မျှဝေသူတွေ များစွာရှိခဲ့ပါတယ်။ အိန္ဒိယမှာ သူတို့နှစ်ဦးက ရေကြီးမှုကနေ ပထမဆုံး ဒန်အိုးကြီးစီး ဖြတ်ကျော်ခဲ့ကြသူတွေတော့ မဟုတ်ပါဘူး။

၂၀၁၈ ခုနှစ် ရေကြီးမှုဖြစ်ပေါ်ခဲ့စဥ်ကလည်း နေအိမ်တွေမှာ ပိတ်မိနေသူတွေကို ထမင်း/ဟင်းချက်တဲ့ အိုးကြီးများသုံးပြီး ရွှေ့ပြောင်းခဲ့ရပါတယ်။ ကီရာလာပြည်နယ်မှာ လတ်တလော ဖြစ်ပေါ်နေတဲ့ ရေကြီးမြေပြိုမှုတွေကြောင့် လူ ၂၆ ဦးထက်မနည်း သေဆုံးပြီး အများအပြား ပျောက်ဆုံးနေကြောင်း သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က