ဘရာဇီးမှာ သီတင်းပတ်များကြာ မိုးသည်းထန်နေခဲ့ပြီး ဒေသတွင်း မြစ်များ ရေလျှံနေခဲ့စဥ် ဆည်နှစ်ခုမှ ရေများထွက်လာခဲ့ရာ နိုင်ငံအရှေ့မြောက်ပိုင်း Bahia ပြည်နယ်တစ်ဝန်း မြို့တွေမှာ ရေကြီးနေကြောင်း အာဏာပိုင်တွေက ယမန်နေ့ (ဒီဇင်ဘာ ၂၆ ရက်) မှာ ပြောပါတယ်။
Bahia ပြည်နယ် Vitoria da Conquista မြို့အနီးရှိ Verruga မြစ်ပေါ်မှာ တည်ဆောက်ထားတဲ့ Igua ဆည်ဟာ စနေနေ့ (ဒီဇင်ဘာ ၂၅ ရက်) ညပိုင်းက ကျိုးပေါက်သွားခဲ့ရာ ဒေသခံတွေကို အရေးပေါ်ရွှေ့ပြောင်းခဲ့ရပြီး အဓိကအားဖြင့် Itambe မြို့မှာ နေထိုင်သူတွေ ရွှေ့ပြောင်းခဲ့ကြရပါတယ်။ Igua ဆည်အနီးရှိ ဒေသခံအားလုံးကို ရွှေ့ပြောင်းထားပြီးဖြစ်ကြောင်း Vitoria da Conquista မြို့တော်ဝန် Sheila Lemos က ပြောပါတယ်။
ဒါ့အပြင် Bahia ပြည်နယ်အတွင်း Jussiape နယ်မြေရှိ နောက်ထပ် ဆည်တစ်ခုမှာလည်း ယမန်နေ့ မနက်ပိုင်းက ရေများပြည့်လာရာ ဒေသခံတွေကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် သတိပေးချက်ထုတ်ခဲ့ပါတယ်။ ဆည်တွေကနေ ရေများထွက်လာပြီး ရေကြီးမှုတွေကြောင့် သေဆုံးမှု သို့မဟုတ် ထိခိုက်ဒဏ်ရာရမှု သတင်းတွေ မရှိသေးပေမဲ့ လမ်းနဲ့ တံတားများ ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။
Bahia ပြည်နယ်အတွင်း လူဦးရေ ၂၀၀,၀၀၀ နေထိုင်ကြတဲ့ Itabuna မြို့မှာတော့ မီးသတ်တပ်ဖွဲ့တွေက မြို့လယ်ပိုင်းရှိ ရေကြီးနေတဲ့ အိမ်တွေထဲမှာ ပိတ်မိနေသူတွေကို ကယ်ထုတ်ခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။ တံတားတွေအနီးမှာ ရေအမြင့် ၆ ပေခွဲနီးပါးအထိ ဖြစ်နေခဲ့တယ်လို့ ဈေးဆိုင်ပိုင်ရှင်တစ်ဦးက Reuters ကို ပြောပါတယ်။
ဒေသခံတွေရဲ့ အဆိုအရ Bahia ပြည်နယ် Cachoeira မြစ်ရဲ့ ရေမျက်နှာပြင်ဟာ နှစ်ပေါင်း ၅၀ အတွင်း အမြင့်ဆုံးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဆည်ကျိုးပေါက်ပြီး ရေကြီးမှုကြောင့် ဘရာဇီး အရှေ့မြောက်ပိုင်းနဲ့ တောင်ပိုင်းကို ဆက်သွယ်ထားတဲ့ အဓိက ကုန်တင်ကားလမ်းကြောင်း BR-116 အဝေးပြေးလမ်းမ အသွားအလာပြတ်တောက်မှု အခြေအနေဖြစ်နေတယ်လို့ မြို့တော်ဝန် Sheila Lemos က Vitoria da Conquista မြို့ရဲ့ ဝက်ဘ်ဆိုက်မှာ ပြောထားပါတယ်။
Bahia ပြည်နယ် အုပ်ချုပ်ရေးမှူး Rui Castro ရဲ့ ပြေကြားမှုအရ မိုးသည်းထန်မှုတွေကြောင့် လူဦးရေ ၄၀၀,၀၀၀ ထက်မနည်း အခက်အခဲကြုံခဲ့ရကြောင်းနဲ့ မြို့ငယ် ၆၇ ခုခန့်မှ လူထောင်ပေါင်းများစွာဟာ နှစ်လနီးပါးကြာပြီဖြစ်တဲ့ မိုးသည်းထန်ပြီး ရေကြီးမှုတွေကြောင့် အရေးပေါ်အခြေအနေနဲ့ ရင်ဆိုင်နေရကြောင်း သိရပါတယ်။
"ရေက ၃ ပေကျော် သို့မဟုတ် ၆ ပေခွဲကျော်အထိ၊ တချို့နေရာတွေမှာဆို ၁၀ ပေနီးပါးအထိ တက်လာတာကြောင့် ထောင်နဲ့ချီတဲ့ လူတွေ သူတို့နေအိမ်တွေကနေ စွန့်ခွာရွှေ့ပြောင်းခဲ့ရတယ်" လို့ ပြည်နယ် အုပ်ချုပ်ရေးမှူး Rui Castro က စနေနေ့မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
နိုဝင်ဘာလအစပိုင်းကတည်းက ဆက်တိုက် မိုးရွာသွန်းနေခဲ့မှုကြောင့် Bahia ပြည်နယ်မှာ ရေကြီးနေတဲ့ Rio das Contas မြစ်အတွင်း ရေနစ်သေဆုံးခဲ့တဲ့ အသက် ၆၀ နှစ်အရွယ် ကူးသင်္ဘောပိုင်ရှင်တစ်ဦး အပါအဝင် လူ ၁၈ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးဌာနက ထုတ်ပြန်ပါတယ်။ မိုလေဝသဌာ တာဝန်ရှိသူတွေရဲ့ အဆိုအရ Bahia ပြည်နယ်ရဲ့မြို့တော် Salvador မြို့မှာ ဒီဇင်ဘာလ မိုးရေချိန်ဟာ ပျမ်းမျှထက် ၆ ဆ ပိုများခဲ့ကြောင်း သိရပါတယ်။
Photo: Reuters, AP