မနေ့က ကစားခဲ့တဲ့ ထိုင်းလိဂ် - ၁ ရဲ့ ပွဲစဉ် ၁၅ မှာတော့ ချွန်ဘူရီ နဲ့ ပို့တ်တို့ရဲ့ ပွဲစဉ်လည်းပါဝင်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်ကတော့ ကစားနေချိန်အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် နာရီဝက်ခန့် ပွဲကို ရပ်နားခဲ့ရတယ်လို့ သိရပြီး ရေပြန်ကျသွားချိန်မှာ ဆက်လက်ကစားခဲ့ကာ ချွန်ဘူရီက ၁-၀ နဲ့ အနိုင်ရရှိသွားခဲ့တယ်လို့ သိရပါတယ်။
ပွဲကို ရပ်နားထားချိန် ရေပြန်ကျမယ့်အချိန်ကို စောင့်နေရင်း နှစ်ဖက်ကစားသမားတွေက သွေးပူလေ့ကျင့်ခန်းလုပ်နေခဲ့ကြပါတယ်။ ချွန်ဘူရီမှာ ပါဝင်ကစားပေးနေတဲ့ မြန်မာကစားသမား ဇော်မင်းထွန်းကတော့ အရန်အဖြစ်နဲ့သာရှိနေခဲ့ပြီး အရန်ခုံတန်းနားမှာ လမ်းလျှောက်နေချိန် အသင်းထိုင်ခုံတွေအောက်မှာ ငါးတကောင် တင်ကျန်ရစ်နေတာကို မြင်တွေ့ခဲ့ရလို့ ဖမ်းယူပြီး ရေနုတ်မြောင်းထဲ လွှတ်ပေးခဲ့ပါတယ်။
သူ့ရဲ့ ငါးကို ကယ်တင်ပေးမှုကို ပရိသတ်တွေက မြင်တွေ့ခဲ့ကြပြီး ချီးကျူးအားပေးခဲ့ကြတယ်လို့ သိရပါတယ်။ သူ့ရဲ့ လုပ်ရပ်ကိုလည်း သူရဲကောင်းဆန်တဲ့လုပ်ရပ်လို့ ချီးကျူးခဲ့ကြကာ ပရိသတ်တွေကြား မှတ်မှတ်ရရပြောစရာအဖြစ်ရှိနေခဲ့ပါတယ်။ ဇော်မင်းထွန်းကတော့ အဆိုပါပွဲမှာ လူစားဝင်ကစားပေးခဲ့ပြီး အသင်းအနိုင်ရအောင် ကူညီပေးနိုင်ခဲ့ပါတယ်။
ချွန်ဘူရီကတော့ ထိုင်းလိဂ်မှာ အဆင့် ၂ နေရာရပ်တည်နေပြီး ဇယားထိပ်ဆုံးက ဘူရီရမ်အသင်းနဲ့ ၉ မှတ်အကွာမှာရှိနေပါတယ်။ မြန်မာ့လက်ရွေးစင်ကစားသမားအဖြစ်ကနေ အနားယူခဲ့ပြီလို့ ကြေညာခဲ့တဲ့ ဇော်မင်းထွန်းကတော့ ဒီရာသီမှာ ချွန်ဘူရီအတွက် ၈ ပွဲအထိ ပါဝင်ကစားပေးထားပြီး ပွဲထွက်ခွင့်ရသလို အရန်အဖြစ်နဲ့လည်း အလျဉ်းသင့်သလို ကစားပေးနေရတဲ့သူဖြစ်ပါတယ်။