လိမ်လည်မှုတွေနဲ့ ၂၀၁၈ ဒီဇင်ဘာကတည်းက ကနေဒါနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ Huawei ဘဏ္ဍာရေးအမှုဆောင်အရာရှိချုပ်ဟာ တရုတ်နိုင်ငံကို ပြန်ခွင့်ရသွားပြီလို့ ဆိုပါတယ်။
Huawei ကုမ္ပဏီတည်ထောင်သူ ရန်ကျင်းဖေ့ရဲ့ သမီးဖြစ်သူ မန်ဝမ်ကျိုးအပေါ် စွဲချက်တင်ထားတဲ့ ဘဏ်လိမ်လည်မှုမှာ အမေရိကန်အစိုးရရှေ့နေတွေနဲ့ သဘောတူညီချက် ရပြီးနောက် မန်ဝမ်ကျိုးဟာ သောကြာနေ့မှာ တရုတ်နိုင်ငံကို လေယာဉ်နဲ့ ပြန်သွားပြီလို့ Reuters သတင်းက ဖော်ပြထားပါတယ်။
မန်ဝမ်ကျိုးပေါ် စွဲဆိုမှုတွေကို ဆိုင်းငံ့ဖို့ သဘောတူညီချက်ရခဲ့ကြောင်း ကန်တရားရေးဌာန DOJ က ထုတ်ပြန်လိုက်တာကြောင့် DOJ အနေနဲ့ လာမယ့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့အထိ အထိ မန်ဝမ်ကျိုးအပေါ် တရားစွဲဆိုမှု ဆိုင်းငံ့ထားရမှာ ဖြစ်ပါတယ်။ အခုသဘောတူညီချက်အရ တရားရုံးက ချမှတ်ထားတဲ့ အခြေအနေတွေနဲ့အညီ သူမအနေနဲ့ လိုက်နာသွားရင် အမှုကို လုံးဝပိတ်သိမ်းပေးဖို့လည်း ရှိပါတယ်။
Photo: pandaily
Huawei CFO မန်ဝမ်ကျိုးကို ဘဏ်နဲ့ တယ်လီကွန်းလိမ်ညာမှု စွဲချက်တွေနဲ့ ၂၀၁၈ ဒီဇင်ဘာလက ကနေဒါမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး အမေရိကန်ကို လွှဲအပ်ဖို့ တောင်းဆိုထားတာပါ။ မန်ဝမ်ကျိုးဟာ အမေရိကန်အစိုးရရဲ့ အီရန်အပေါ် ဆန်ရှင်ပိတ်ဆို့မှုကို ချိုးဖောက်ခဲ့တယ်လို့လည်း အမေရိကန်ဘက်က စွပ်စွဲခဲ့တာပါ။ အမေရိကန်အစိုးရဟာ မန်ဝမ်ကျိုးကို ဘဏ်လိမ်လည်မှုအပြင် နည်းပညာ ခိုးယူမှု ၊ တရားရေးစွက်ဖက်မှု စတဲ့ ဒါဇင်နဲ့ချီတဲ့ အမှုတွေနဲ့ စွဲဆိုခဲ့တာပါ။
သူမကို ကနေဒါနိုင်ငံ ဗန်ကူးပါးမြို့မှာ နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခဲ့တာ ဖြစ်ပြီး သုံးနှစ်နီးပါးအကြားမှာ အခုလို တရုတ်ကို ပြန်ခွင့်ရခဲ့တာလည်း ဖြစ်ပါတယ်။ တရုတ်အမှုဆောင်အရာရှိချုပ်ရဲ့ တရားရေးပြဿနာပြေလည်ပြီးနောက် နာရီပိုင်းအတွင်းမှာ တရုတ်မှာ ထောင်ချခံနေရတဲ့ ကနေဒါနိုင်ငံသားနှစ်ဦးလည်း လွတ်မြောက်လာပြီ ဖြစ်တယ်လို့ ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒေါက ကြေညာပါတယ်။
"မိုက်ကယ်ကော့ဗ်ရစ်ဂ်နဲ့ မိုက်ကယ် စပါဗွာတို့ သောကြာနေ့ညက လေယာဉ်ပေါ် တက်ပြီး အိမ်ပြန်လာနေတာ ကြားရလို့ ကနေဒါနိုင်ငံသားတွေ ဝမ်းသာကြပါလိမ့်မယ်။" လို့ ဝန်ကြီးချုပ်က သတင်းထောက်တွေကို ပြောကြားပါတယ်။
မန်ဝမ်ကျိုးကို သောကြာနေ့ နှောင်းပိုင်းက ဗြိတိသျှ ကိုလံဘီယာအထက်တရားရုံး တရားသူကြီး ဟီသာဟုမ်းစ်က တရားခံလွှဲပေးဖို့ အမိန့် ရုပ်သိမ်းကြောင်း အတည်ပြုခဲ့ပါတယ်။ ဗန်ကူပါး တရားရုံးအထွက် တရုတ်ကို မပြန်ခင်မှာ ဟုမ်းစ် ၊ ဘုရင်မကြီးနဲ့ ကနေဒါရဲ့ တရားဥပဒေစိုးမိုးမှုအတွက် ကျေးဇူးတင်ကြောင်း မန်ဝမ်ကျိုးက ပြောခဲ့ပါတယ်။ မန်ကို နိုင်ငံအတွင်းမှ လွတ်လပ်စွာ ထွက်ခွာဖို့ အတည်ပြုကြားနာပြီးတဲ့နောက်မှာ ကနေဒါတရားရေးဌာနကလည်း ထုတ်ပြန်ချက်တစ်စောင် ထုတ်ခဲ့ပါတယ်။
Photo: CNBC
အမေရိကန်တရားရုံး DOJ ကတော့ Huawei ပေါ် တရားစွဲဆွဲဖို့ ဆက်ပြီး ပြင်ဆင်နေတယ်လို့လည်း ပြောပါတယ်။ ရက်ပေါင်း ၁၀၀၀ ကျော်ကြာ မန်ဝမ်ကျိုးကို ဖမ်းဆီးထိန်းသိမ်းထားမှုကြောင့် အနောက်နိုင်ငံတွေနဲ့ ဘေဂျင်းအကြား တင်းမာမှုတွေ ဖြစ်ခဲ့ပြီး သူမကို လွှတ်ပေးဖို့လည်း တရုတ်အစိုးရဘက်ကမှ တောင်းဆိုခဲ့တာပါ။ ပြီးခဲ့တဲ့ဇူလိုင်လက အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမန်းနဲ့ တရုတ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဇီဖန်းတို့ တွေ့ဆုံမှုတစ်ရပ်မှာ မန်ဝမ်ကျိုးကို အမေရိကန်ဆီ လွှဲအပ်ဖို့တောင်းဆိုချက်ကို အကြွင်းမဲ့ပြန်ရုပ်သိမ်းဖို့ပါ ပြောကြားခဲ့ပါတယ်။
မန်ဝမ်ကျိုးဟာ Huawei တည်ထောင်သူ ရန်ကျန်းဖေ့ရဲ့ သမီးဖြစ်ပြီး အပြစ်မရှိဘူးလို့ ခုခံချေပထားသူလည်း ဖြစ်ပါတယ်။
Share