ပြည်သူလူထုအလုပ်အကိုင်အဆင်မပြေမချင်း အလှူဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

အခြေခံလူတန်းစားတွေ ၊ မရှိဆင်းရဲသားတွေအတွက် ရည်ရွယ်ပြီး ကျွေးမွေးတဲ့ စတုဒီတာ အလှူတစ်ခုကို နေ့စဉ်လှူဒါန်းကျွေးမွေးလာတာ မကြာခင်မှာ ရက်ပေါင်း (၅၀၀) ပြည့်တော့မှာပါ။

နေ့စဉ် စတုဒီသာအလှူကြီးကိုတော့ နေပြည်တော် ဥတ္တသီရိမြို့နယ်က အလှူရှင် ဦးစိုးလှမြင့်က တစ်ဦးတည်းသော အလှူရှင်အဖြစ် နေ့စဉ်ဒါနပြု လှူဒါန်းနေတာပါ။ 



အလှူရှင်မိသားစုဟာ “ထိုက်သူပန်” သဘာဝတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းလုပ်ကိုင်ပြီး စတုဒီသာအလှူကိုလည်း ဆေးဝါးများရောင်းချလို့ရတဲ့ငွေတွေထဲကပဲ “ထိုက်သူပန်”ညနေခင်းအာဟာရဒါနအမည်နဲ့ လှူဒါန်းနေတာဖြစ်ပါတယ်။

နိုင်ငံတွင်း ကိုဗစ်ဒုတိယလှိုင်းစတင်ခဲ့စဉ်ကတည်းက အခြေခံလူတန်းစားတွေ၊ လက်လုပ်လက်စားပြည်သူတွေအနေနဲ့ အလုပ်အကိုင်ရှားပါးလာပြီး စားဝတ်နေရေး အခက်အခဲဖြစ်နေချိန်မှာ တစ်ထောင့်တစ်နေရာကနေ အထောက်အပံ့ဖြစ်အောင် ပြည်သူက ပြည်သူကိုကူညီလိုတဲ့စိတ်နဲ့ ဒီအစီအစဉ်ကို စတင်ခဲ့တာလို့ ဆိုပါတယ်။

၂၀၂၀ သြဂုတ်လ ၄ ရက်နေ့ကတည်းက စတင်လှူဒါန်းလာတဖြစ်ပြီး ဒီဇင်ဘာလ (၁၇)ရက်နေ့ဆိုရင် ရက်ပေါင်း (၅၀၀)တိတိရှိပြီဖြစ်ပါတယ်။ 

“ ကျွန်တော်က အရင်ကတည်းက “ထိုက်သူပန်” နာမည်နဲ့ပဲ ပရဟိတလုပ်ငန်းတွေလုပ်လာတာ လွန်ခဲ့တဲ့ (၁၁)နှစ်လောက်ကတည်းက။ ကိုဗစ်မဖြစ်ခင်ကဆို တရားစခန်းအလှူမျိုးတွေ၊ ဘုရားဖူးအစီအစဉ်မျိုးတွေနဲ့ တခြားပရဟိတလုပ်ငန်းတွေကိုလုပ်ဆောင်ခဲ့တာ။ နိုင်ငံတွင်းကိုဗစ်ဖြစ်တော့ အရာအားလုံးက လုံးဝရပ်တန့်သွားသလိုပဲ ဘာမှလုပ်လို့မရတဲ့အခြေမျိုးမှာ အလုပ်အကိုင်တွေကအစ မရှိတော့တာပေါ့။ အဲဒီမှာ အခက်တွေ့တာက အခြေခံလူတန်းစားတွေပဲ။ နေ့စဉ်ဝင်ငွေရှိမှ စားဝတ်နေရေးအတွက်အဆင်ပြေတဲ့သူမျိုးတွေမှာ အလုပ်တွေမရှိကြတော့ အခက်အခဲဖြစ်လာကြတယ်။ ကျွန်တော်ကလည်း အရင်ကတည်းက ပရဟိတလုပ်လာတဲ့သူ။ ဒီလိုစတုဒီသာအလှူမျိုးလည်း လုပ်ဖို့ စိတ်ကူးရှိထားတာဆိုတော့ ဒုတိယလှိုင်းစတင်တဲ့အချိန်က စပြီး ဒီအလှူလေးကို အကောင်အထည်ဖော်ခဲ့တယ်။ ဒုတိယလှိုင်းကနေ တတိယလှိုင်း အဲ့ဒီကနေ အခုနိုင်ငံရေးအခြေအနေအရပဲ အလုပ်တွေကဖြစ်မလာကြတော့ အဆင်မပြေတဲ့သူတွေအတွက်ပဲ ဒီနေ့ ဒီချိန်ထိကျွေးမွေးလာဖြစ်တာပါ။ လာမယ့် (၁၇)ရက်ဆို ရက်ပေါင်း (၅၀၀)တိတိရှိပြီ။ ရက်ပေါင်း (၅၀၀)ပြည့်ပြီးတဲ့နောက်လည်း ပြည်သူတွေအဆင်မပြေသေးဘူးဆို ဆက်ပြီးလှူဒါန်းကျွေးမွေးနေအုံးမှာပဲ”လို့ အလှူရှင် ဦးစိုးလှမြင့်က Duwun ကိုပြောပါတယ်။

အလှူရှင်ဟာ ညနေခင်းအလှူဒါနကိုကျွေးမွေးလာတာ အားမရတဲ့အပြင် ယခုဆို နံနက်စာအာဟာရကိုပါ ကျွေးမွေးလာတာ ရက်ပေါင်း (၅၀)ပြည့်ပါတော့မယ်။

ညနေခင်းစတုဒိသာအလှူကို စတင်ကျွေးမွေးလာစဉ်က နေ့စဉ် လူ (၅၀) (၆၀)စာအတွက်သာဖြစ်ပြီး ယခုဆိုရင်တော့ လူ (၄၀၀) (၅၀၀)စာလောက်ကို နေ့စဉ်ကျွေးမွေးနေရတာဖြစ်ပါတယ်။ 

လူတန်းစားမရွေးလှူဒါန်းတာဖြစ်လို့ အားလုံးကလည်း ပျော်ရွှင်စွာနဲ့ လာရောက်စားသောက်ကြတဲ့ မြင်ကွင်းတွေကလည်း အလှူရှင်အတွက်တော့ ပီတိတွေဖြစ်လို့နေပါတယ်။

“ ကျွန်တော်လှူဒါန်းက လူတန်းစားမရွေးလှူတာဗျ၊ အဆင်မပြေတဲ့သူတွေကိုလှူတာဆိုတော့ ဘယ်သူလာစားစားပေါ့။ တကယ်လည်း အဆင်မပြေလို့လာစားကြတာ အိမ်မှာစားစရာရှိတဲ့သူကတော့ ဘယ်လာမလဲ။ တစ်ခါတစ်လေ သူတို့စကားသံလေးတွေပြန်ကြားရတာ ပီတိဖြစ်တာပေါ့။ ခုထိတောင်အဲဒီစကားလေးမှတ်မိနေတယ်။ ဘာပြောလဲဆိုတော့ “ထိုက်သူပန်”ကသာကျွေးနေလို့ ကျွန်တော်တို့မဟုတ်တာလုပ်ချင်တဲ့စိတ်လေးတောင်မပေါ်ဘူးဆိုတဲ့ စကားလေး အရမ်းအဓိပ္ပာယ်ရှိတယ်ဗျ။ ဘာလို့ဆို လူတွေက စားဝတ်နေရေးအခက်အခဲဖြစ်လာရင် မရှိရှိတာ ရှာကြံပြီး လုပ်စားကြတဲ့အခါမှာ မဟုတ်တဲ့နည်းလမ်းတွေလည်းပါလာနိုင်တယ်။ အခုဆို ကျွန်တော်နေ့စဉ် ကျွေးနေတဲ့ အလှူလေးကြောင့် သူတို့မှာ အဲလိုစိတ်တွေမရှိဘဒ အဆင်ပြေနေတယ်ဆိုတဲ့ အသံလေးကြားရတာ ကျွန်တော့်အတွက်ကတော့ ပိတိပေါ့ဗျာ။ ဒီအလှူကို ကျွန်တော်သူတို့တွေ အဆင်မပြေမချင်းလုပ်ပေးသွားမယ်။ ကြားရက်တွေမှာလည်း အလှူရှင်ရှိတာမျိုးတွေရှိတယ်။ အလှူရှင်မရှိတဲ့နေ့တွေတိုင်းမှာ ကျွန်တော်ကပဲ လှူဒါန်းကျွေးမွေးနေအုံးမှာပါ”လို့ ဆိုပါတယ်။

အလှူရှင်အနေနဲ့ နေ့စဉ် စတုဒိသာကျွေးမွေးခြင်းအလှူအပြင် လူထုအတွက် လိုအပ်တဲ့ အခြေခံစားသောက်ကုန်တွေ ၊ ဆေဆေါးတွေနဲ့ အဝတ်အထည်တွေကိုလည်း မကြာမကြာအလှူအတန်းပြုလေ့ရှိပါတယ်။

လာမယ့် ဒီဇင်ဘာလ (၁၇)ရက်နေ့ ရက်ပေါင်း (၅၀၀)ပြည့်တဲ့နေ့မှာလည်း စတုဒီသာအလှူနဲ့အတူ စောင်တွေပါ လှူဒါန်းပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

တစ်နေ့ကို လူ (၄၀၀)(၅၀၀)ကို တစ်နေ့တာကျွေးမွေးစရိတ်အလှူငွေဟာ (၃)သိန်းနဲ့ (၄)သိန်းကြားမှာ ကုန်ကျစရိတ်ရှိပါတယ်။ ကျွေးတဲ့အစားအစာပေါ်မူတည်ပြီး စျေးနှုန်းကွာခြားတာမျိုးတွေလည်းရှိပါတယ်။ 

အခုလို နေ့စဉ်စတုဒီသာအလှူမှာပါဝင်လှူဒါန်းကုသိုလ်ပြုလိုတဲ့ အလှူရှင်တွေကိုလည်း ပါဝင်လှူဒါန်းခွင့်ပြုထားတာပါ။

နေပြည်တော်က နေ့စဉ် စတုဒီတာအလှူကြီးဟာဆိုရင် နံနက်စာ အာဟာရကို မနက် (၇)နာရီမှ (၈)နာရီထိကျွေးမွေးပြီး ညနေခင်းအလှူကိုတော့ ညနေ (၅)နာရီမှ (၆)နာရီထိကျွေးမွေးလှူဒါန်းပေးနေတာပါ။ 

လိပ်စာကတော့ အမှတ် (၅၄၁၃-C) မန္တလေးလမ်းနှင့်သော်က (၁၇)လမ်းဒေါင့် ချင်းရွအနီး ဥတ္တရသီရီ နေပြည်တော်မှာ အလှူရှင် ဦးစိုးလှမြင့်က နေ့စဉ်စတုဒီသာအလှူကိုကျွေးမွေးလှူဒါန်း ဒါနပြုလျှက်ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က