ဒီတခါတော့ မက်ဆီနဲ့ ဂျာစီချင်းလဲလှယ်ခွင့်ရသွားခဲ့ပါပြီ။

ဘိုင်ယန်မြူးနစ်နောက်ခံလူအယ်လ်ဖွန်ဆိုဒေးဗီးစ်ကတော့ နောက်ဆုံးမှာ သူ အရမ်းလိုချင်နေတဲ့ မက်ဆီရဲ့ ဂျာစီကို ပိုင်ဆိုင်သွားခဲ့ပါပြီ။ ၂၀၂၀ ဩဂုတ်လအတွင်းက နူးကမ့်မှာ ဘိုင်ယန်မြူးနစ်က ဘာစီလိုနာကို ၈ ဂိုးအထိသွင်းယူကာ အနိုင်ယူခဲ့တဲ့ ချန်ပီယံလိဂ်ပွဲအပြီးမှာ မက်ဆီရဲ့ ဂျာစီကို တောင်းဆိုခဲ့ပေမယ့် မရရှိခဲ့တဲ့နောက် မနေ့ညက ပွဲအပြီးမှာတော့ သူ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

ပထမတကြိမ် သူက မက်ဆီရဲ့ ဂျာစီကို ရနိုင်မလားလို့ တောင်းဆိုခဲ့စဉ်က "သူ နည်းနည်း အံ့အားသင့်နေတယ်နဲ့တူပါတယ် (ပွဲရလဒ်အပေါ်)၊ အဲဒါ အဆင်ပြေပါတယ်၊ နောက်တကြိမ်မျှော်လင့်တာပေါ့" လို့ ဒေးဗီးစ်က BT SPORT ကို ပြောဆိုခဲ့ဖူးပါတယ်။ ဒါပေမယ့် ရက်ပေါင်း ၉၀၀ ကြာမြင့်အပြီးမှာတော့ သူဟာ ဘောလုံးလောကရဲ့ အကောင်းဆုံးကစားသမားဆီက ဂျာစီကို အရယူနိုင်ခဲ့ပါပြီ။ 


မနေ့က ပီအက်စ်ဂျီနဲ့ ဘိုင်ယန်မြူးနစ်တို့ပွဲအပြီးမှာ သူနဲ့ မက်ဆီတို့ ဂျာစီချင်းလဲလှယ်ခဲ့ကြပြီး အသင်းဖော်သောမတ်စ်မူလာဆိုရင် ဒေးဗီးစ်က မက်ဆီဂျာစီကို အရယူလာနိုင်ခဲ့လို့ အံ့အားသင့်နေခဲ့ဟန်တောင် ရှိခဲ့ပါတယ်။ အယ်လ်ဖွန်ဆိုဒေးဗီးစ်ဟာ မက်ဆီရဲ့ အမာခံပရိသတ်တဦးဖြစ်ပြီး မက်ဆီနဲ့ ပထမဆုံးအကြိမ်ရင်ဆိုင်ခဲ့ရတုန်းက သူ့အဖေနဲ့အတူ အဲဒီအကြောင်းကို ဖုန်းထဲကတဆင့် ပြောဆိုခဲ့ပြီး ဂုဏ်ယူဝံ့ကြွားခဲ့ဖူးပါသေးတယ်။ 

နူးကမ့်မှာ ထိပ်တိုက်တွေ့ခဲ့ကြတုန်းက မက်ဆီက အယ်လ်ဖွန်ဆိုဒေးဗီးစ်ကို ထူမဖို့အတွက် လက်ကမ်းပေးကာ ကူညီပေးခဲ့တဲ့ ဓာတ်ပုံကလည်း တော်တော်လေးရေပန်းစားခဲ့ပါသေးတယ်။ ဒေးဗီးစ်ကတော့ မက်ဆီ,ဆီကနေ အခုလို တုံ့ပြန်မှုမျိုးရခဲ့လို့ အံ့အားသင့်နေခဲ့ပြီး ကွင်းအတွင်းမှာ မက်ဆီရဲ့ ပြိုင်ဘက်အပေါ်ထားရှိတဲ့ စိတ်ဓာတ်ကို လေးစားမိကြောင်းလည်း ဖွင့်ဟခဲ့ဖူးပါတယ်။ 

အခုတော့ သူ အနှစ်နှစ်အလလက တောင့်တခဲ့ရတဲ့ မက်ဆီဂျာစီကို ရယူနိုင်ခဲ့တာမို့ အယ်လ်ဖွန်ဆိုဒေးဗီးစ်တယောက် ကျေနပ်ပျော်ရွှင်နေမယ်ဆိုတာကတော့ အသေအချာပါပဲ။ 

Share

Loading Next Article...
က္က