ဒီရာသီမှာ ကစားသမားဘ၀ အကောင်းဆုံးဆိုတဲ့ ရက်ရှ်ဖို့ဒ်ကို မြင်နေရတာပါ။

ဒီရာသီမှာ ရက်ရှ်ဖို့ဒ်က ပြိုင်ပွဲစုံသွင်းဂိုး ၂၁ ဂိုးအထိ ရှိသွားခဲ့ပါပြီ။ ဖန်တီးမှု ၈ ကြိမ်အထိလည်း ပြုလုပ်ပေးထားပြီး သူ့ရဲ့ ခြေစွမ်းက အချိန်ခဏလေးအတွင်းမှာပဲ ပြောင်းလဲသွားခဲ့တာပါ။ ပြီးခဲ့တဲ့ရာသီက ရက်ရှ်ဖို့ဒ်နဲ့ ဘာမှမသက်ဆိုင်အောင်ကို ဖြစ်လာခဲ့ပြီး အခုဆိုရင် ကမ္ဘာ့ဖလားအပြီးမှာ သူက ဥရောပထိပ်သီးလိဂ် ၅ ခုမှာ ဂိုးအများဆုံးသွင်းယူထားနိုင်တဲ့သူပါ ဖြစ်လာခဲ့ပါတယ်။ စုစုပေါင်း ၁၅ ပွဲမှာ ၁၃ ဂိုးအထိ သွင်းယူခဲ့တာပါ။ ဒီလိုတွေဖြစ်လာအောင် ရက်ရှ်ဖို့ဒ်ဘာတွေပြောင်းလဲခဲ့လဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ 

ရာသီအစကတည်းက ရက်ရှ်ဖို့ဒ်က အရင်ဦးဆုံး သူ့ရဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာကို ပြင်ဆင်ခဲ့ပါတယ်။ GYM ကို နေ့တိုင်းသွားတယ်၊ ကြံ့ခိုင်မှုပြည့်၀နေအောင်၊ ခန္ဓာကိုယ် Sharp ဖြစ်နေအောင် သေချာလေး train ခဲ့ပါတယ်။ ဒါကို သူ့ရဲ့ လူမှုကွန်ရက်မှာလည်း ဖော်ပြခဲ့ပြီး ကစားသမားတဦးအတွက် မဖြစ်မနေလိုအပ်တဲ့ ကိုယ်ကာယပိုင်းကြံ့ခိုင်မှုကို မရရအောင် အားထုတ်ခဲ့တာပါ။ ဒါပေမယ့် သူ့အတွက် အဲဒီလောက်နဲ့တင် မလုံလောက်သေးပါဘူး။ တန်ဟက်ဂျ်ရောက်လာပြီးနောက် အသင်းတိုက်စစ်ပိုင်းမှာ ရော်နယ်ဒိုရှိနေပြီး သူ့ကိုမဖြစ်မနေ နေရာပေးနေရပါတယ်။ 

ဒီအတွက် ရက်ရှ်ဖို့ဒ်က အကန့်အသတ်နဲ့သာ ပွဲထွက်နေရပြီး အများအားဖြင့်တော့ တောင်ပံတိုက်စစ်နေရာမှာ ကစားနေရတာပါ။ တန်ဟက်ဂျ်က ဒီပုံစံကို သဘောမကျပါဘူး။ ရက်ရှ်ဖို့ဒ်အရည်အသွေးကို သူ ကောင်းကောင်းရိပ်မိခဲ့တဲ့နောက်မှာ ဗဟိုတိုက်စစ်နေရာကိုပါ ပြောင်းကစားစေခဲ့ပြီး ရက်ရှ်ဖို့ဒ်က ခြေစွမ်းပြလာနိုင်ပါတယ်။ ဒါပေမယ့် အဆုံးသတ်ပိုင်းညံ့ဖျင်းမှုတွေ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာအားနည်းမှုတွေ အများကြီးရှိနေသေးပြီး ဒါတွေကို တန်ဟက်ဂျ်က ကောင်းကောင်းဖြေရှင်းပေးခဲ့ရပါတယ်။ ရော်နယ်ဒို ထွက်ခွာသွားတဲ့နောက်မှာ ရက်ရှ်ဖို့ဒ်က သူ့ရဲ့ အဓိကတိုက်စစ်မှူး၊ တရာသီကို ဂိုး ၂၀ လောက် အသာလေးရနိုင်တယ်ဆိုတာမျိုးကို သူ ပြောပြီး စိတ်ဓာတ်ပိုင်းမြှင့်တင်ပေးခဲ့တာပါ။

အဲဒီနောက်မှာ ပေါ်တိုတိုက်စစ်မှူးဟောင်းဘင်နီမက္ကာသီကို တိုက်စစ်ပိုင်းနည်းပြအဖြစ်ခေါ်ယူခဲ့ပြီး ရက်ရှ်ဖို့ဒ်ကို တဦးချင်းလေ့ကျင့်မှုတွေ လုပ်စေခဲ့ပါတော့တယ်။ မက္ကာသီရောက်လာပြီးနောက်ပိုင်းမှာ ရက်ရှ်ဖို့ဒ်က တော်တော်လေးပြောင်းလဲသွားပါတယ်။ အဆုံးသတ်ပိုင်းတွေ ပိုကောင်းလာပြီး ဘယ်ခြေညာခြေမရွေး ဂိုးသွင်းလာနိုင်ပါတယ်။ အင်္ဂလန်နဲ့အတူ ကမ္ဘာ့ဖလားမှာ ၃ ဂိုးရပြီး အဲဒီကပြန်လာပြီးကတည်းက ယူနိုက်တက်အတွက် သူဂိုးသွင်းပေးနေတာက မရပ်တန့်တော့ပါဘူး။ ဒီရာသီမှာ ခေါင်းတိုက်သွင်းဂိုး ၃ ဂိုးပါဝင်နေပြီး ဒါက ယူနိုက်တက်ကစားသမားဘ၀မှာ သူ ခေါင်းတိုက်ဂိုးအများဆုံးရတဲ့ ဘောလုံးရာသီဖြစ်လာပါတယ်။ ဒါတွေက မက္ကာသီရဲ့ အနီးကပ်ညွှန်ကြားမှုတွေကြောင့်ဆိုတာ ငြင်းမရပါဘူး။ 

ပုံစံကောင်းရလာတဲ့နောက်မှာ သူ့ရဲ့ စိတ်ဓာတ်ပိုင်း၊ အမူအကျင့်တွေလည်း ပြောင်းလဲလာပါတယ်။ အရင်လို မှုန်ကုပ်ကုပ်နဲ့ ရက်ရှ်ဖို့မဟုတ်တော့ပါဘူး။ စိတ်ထင်ရာလျှောက်ကန်တာထက် ဂိုးပေါက်ကို ပိုပြီး ပစ်မှတ်ထားလာနိုင်တယ်။ ခေါင်းအောက်ငိုက်စိုက်ပြီး ကန်သွင်းနေတဲ့ ရက်ရှ်ဖို့ဒ်က ဂိုးပေါက်ကို တည့်တည့်ကြည့်ပြီး ကန်သွင်းတာတွေ လုပ်နိုင်လာပါပြီ။ အခု သူ ဒီလိုပုံစံကောင်းပြနေတာဟာ တခဏလေးအတွင်းမှာ ခြေစွမ်းပြပြီး ပြန်ပျောက်ကွယ်သွားမယ့် ခြေစွမ်းမျိုးမဟုတ်ဘူးလို့ ယူဆရပါတယ်။ တန်ဟက်ဂျ်ရဲ့ သေချာစီမံပေးထားတဲ့ အစီအစဉ်တွေ၊ မက္ကာသီရဲ့ ကြီးကြပ်ပေးမှုတွေနဲ့ ရေရှည်အတွက် သူက ပြင်ဆင်ထားပြီးသားလည်း ဖြစ်နေပါပြီ။ 

လာမယ့်ရာသီတွေမှာလည်း သူက ယူနိုက်တက်ရဲ့ အဓိကတိုက်စစ်မှူးအဖြစ်ရှိနေဦးမှာပါ။ ဗဟိုတိုက်စစ်ပိုင်းမှာ ကစားရင် ဂိုးတွေပိုရလာတဲ့ ရက်ရှ်ဖို့ဒ်ကို အားလုံးတွေ့နေရပါတယ်။ သူ ဂိုးပေါက်ပျောက်ခဲ့တဲ့ ပွဲတွေလည်း ကြားထဲမှာ ရှိခဲ့ပေမယ့် နောက်ပွဲတွေမှာ ချက်ချင်းဂိုးပြန်ရအောင်လည်း လုပ်နိုင်နေပါပြီ။ စိတ်ဓာတ်ပိုင်းချွတ်ခြုံကျပြီး အလွယ်တကူနဲ့ ပျော့ညံ့သွားတဲ့ ပုံစံကနေ ရင့်ကျက်တဲ့ ပုံစံကိုလည်း ပြောင်းလဲလာပါပြီ။ ဒါတွေအားလုံးအတွက်တော့ သူ့ရဲ့ ပြုပြင်ပြောင်းလဲလိုစိတ်၊ တန်ဟက်ဂျ်နဲ့ မက္ကာသီတို့ရဲ့ အားထုတ်ပေးမှုတွေကို ယူနိုက်တက်ပရိသတ်တွေ ကျေးဇူးတင်ရမှာပဲဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က