ကိုပင်ဟေဂင်နဲ့ပွဲမှာ အနီကတ်ထိခဲ့တဲ့ မားကပ်ရက်ရှ်ဖို့ဒ်ရဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး နာမည်ကျော်ဘောလုံးပွဲဝေဖန်သုံးသပ်သူတွေက ဒါဟာအနီကတ်မဟုတ်ဘူးလို့ တညီတညွှတ်တည်းပြောဆိုခဲ့ကြပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ပြိုင်ဘက်ကစားသမားကို ခြေထောက်နဲ့ နင်းခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်က VAR ပြန်ကြည့်ကာ အနီကတ်ပြစ်ဒဏ်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
အဆိုပါအချိန်မှာ ယူနိုက်တက်က ၂-၀ နဲ့ အနိုင်ရနေတာဖြစ်ပြီး ရက်ရှ်ဖို့ဒ်အထုတ်ခံရပြီးနောက်မှာ ချေပဂိုးနှစ်ဂိုးပြန်ပေးခဲ့ရပါတယ်။ ဖာနန်ဒက်စ်က ပင်နယ်တီကနေ ဦးဆောင်ဂိုးထပ်သွင်းခဲ့ပေမယ့်လည်း မိနစ် ၈၀ ကျော်မှာ ကိုပင်ဟေဂင်က ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ထပ်သွင်းကာ ၄-၃ နဲ့ အနိုင်ရခဲ့ပြီး ယူနိုက်တက်တို့ ရှုံးပွဲတွေ့ကာ ချန်ပီယံလိဂ်အုပ်စုအဆင့်က တက်ရောက်ဖို့ ခက်ခဲသွားပြီဖြစ်ပါတယ်။
ကာရေဂါက ""အနီကတ်ပြစရာအကြောင်း ဘာမှကိုမရှိပါဘူး၊ အရာအားလုံးကို ၁၀ ဆအထိ ပိုဆိုးသွားစေတဲ့ ဒီအနှေးပြကွက်ကွက်နဲ့ ဓာတ်ပုံတွေက မုန်းစရာပါပဲ" လို့ သုံးသပ်ခဲ့ပါတယ်။ ဟားဂရေ့ဗ်ကလည်း "ရက်ရှ်ဖို့ဒ်က ဘောလုံးကို သူ့ခြေထောက်နဲ့ အရယူဖို့ကိုပဲ အာရုံစိုက်နေတာပါ၊ သူ ပြိုင်ဘက်နောက်ခံလူကို ကြည့်တောင်မကြည့်ခဲ့ပါဘူး၊ ဘယ်လိုပဲကြည့်ကြည့် ဒါက အနီကတ်မဟုတ်ပါဘူး၊ ဓာတ်ပုံတွေကို ကြည့်ရင်တော့ သူ ပြစ်ဒဏ်လုပ်တယ်လို့ ခင်ဗျားထင်လိမ့်မယ်၊ ဒါပေမယ့် တကယ်ဖြစ်သွားတဲ့ အချိန်မှာ သူက ပြစ်ဒဏ်ကျူးလွန်ဖို့ မရည်ရွယ်ခဲ့တာ ရှင်းလင်းပါတယ်" လို့ ပြောခဲ့ပါတယ်။
အွန်နရီ၊ ရှမိုက်ကယ်တို့ကလည်း ဒါဟာ အနီကတ်မပြခဲ့သင့်ဘူးလို့ ပြောဆိုခဲ့ကာ မီကာရစ်ချတ်ကလည်း "ကာရေဂါပြောတာကို ကျနော်ထောက်ခံပါတယ်၊ ဒါက အနီကတ်မဟုတ်ပါဘူး၊ အဝါကတ်လောက်ပဲ ပြခဲ့သင့်တာပါ၊ ဒါကို ဘောလုံးကစားဖူးသူတိုင်း သိပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။ ယူနိုက်တက်အတွက်တော့ တယောက်လျော့သွားတာဟာ အများကြီးနစ်နာခဲ့ပြီး ရှုံးပွဲကြုံတဲ့အထိဖြစ်ခဲ့ရလို့ ပေးဆပ်မှုကြီးမားခဲ့တယ်လို့ပဲ ဆိုရမှာဖြစ်ပါတယ်။