မန်ချက်စတာယူနိုက်တက်အသင်းနည်းပြအဲရစ်တန်ဟက်ဂျ်က ဆီဗီလာနဲ့ ကစားရမယ့် ဒီနေ့ည ယူရိုပါလိဂ်ပွဲစဉ်ကို ရက်ရှ်ဖို့ဒ်လွဲချော်မှာဖြစ်ပေမယ့်လည်း အန်သိုနီမာရှယ်ကြောင့် ယူနိုက်တက်က အကောင်းဆုံးကစားနိုင်လိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ မာရှယ်ကတော့ ဒီရာသီမှာ ၁၇ ပွဲသာ ကစားပေးထားသူဖြစ်ပြီး ဒဏ်ရာကြောင့် အနားယူနေရကာ အခုလည်း ၃လနီးပါး အနားယူခဲ့ရပြီးမှ ပြန်လည်ကစားပေးမှာဖြစ်ပါတယ်။
အဲဗာတန်နဲ့ ကစားခဲ့တဲ့ စနေနေ့က ပွဲစဉ်မှာ မာရှယ်က လူစားဝင်လာခဲ့ပြီးနောက် အနိုင်ဂိုးတဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာတော့ မာရှယ်က ပွဲထွက်ကစားခွင့်ရမှာဖြစ်ပြီး ရက်ရှ်ဖို့ဒ်မပါဝင်လို့ ယူနိုက်တက်တိုက်စစ်အပေါ် အားလုံးက စိုးရိမ်နေချိန်မှာ တန်ဟက်ဂျ်ကတော့ သူ့အသင်းကစားပုံက ကောင်းမွန်နေလိမ့်မယ်လို့ ဆိုခဲ့တာပါ။
"အသင်းအတွက် သူ ကူညီထောက်ပံ့ပေးနိုင်တာတွေကို ကျနောမြင်တွေ့နေရပါတယ်၊ အချက်အလက်တွေကို ကျနော်ညွှန်ပြရမယ်ဆိုရင် သူ သူကွင်းထဲမှာ ရှိနေတဲ့အချိန်၊ ဂိုးရဖို့ လိုအပ်တဲ့အချိန်တွေက တခြားကစားသမားတွေထက်ကို ပိုပြီးနည်းပါးနေတယ်ဆိုတာကို ပြသနေပါတယ်၊ အသင်းကို သူ ပြန်ပူးပေါင်းခဲ့တဲ့ လက်စတာ၊ မန်စီးတီး၊ လီဗာပူးလ်တို့နဲ့ ပွဲတွေမှာဆိုရင် ကျနော်တို့ အကောင်းဆုံးကစားနိုင်ခဲ့ပြီး ရလဒ်ကောင်းတွေလည်း ရခဲ့ပါတယ်"
ယူနိုက်တက်ဟာ ဆီဗီလာနဲ့ ရင်ဆိုင်ခဲ့တဲ့ ပြိုင်ပွဲစုံပွဲတွေမှာ ၆ ကြိမ်ထိ အရေးနိမ့်ခဲ့ပြီး သူတို့အတွက် ခက်ခဲတဲ့ပြိုင်ဘက်အဖြစ်ရှိနေပါတယ်။ မာရှယ်ကတော့ ပြီးခဲ့တဲ့ရာသီမှာ ဆီဗီလာကို အငှားနဲ့ သွားကစားခဲ့ပြီး အခုတော့ ပြိုင်ဘက်အဖြစ် ပြန်လည်ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။