မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးမားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ ဆီဗီလာနဲ့ ကစားရမယ့် ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်ကို လွဲချော်ခဲ့ပြီဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ် အင်္ဂလန်တိုက်စစ်မှူးဟာ အဲဗာတန်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အဆိုပါဒဏ်ရာကြောင့် အနားယူရမှာဖြစ်ကာ ယူနိုက်တက်အတွက်တော့ စိုးရိမ်စရာအနေအထားတွေဖြစ်လာခဲ့ပါပြီ။
ကမ္ဘာ့ဖလားပြီးနောက်ပိုင်း ယူနိုက်တက်အတွက် ရက်ရှ်ဖို့ဒ်က ခြေစွမ်းပြနေပြီး အသင်းရဲ့ အဓိကဂိုးသွင်းရှင်ဖြစ်နေခဲ့တာပါ။ သူ မပါဝင်နိုင်ရင် ယူနိုက်တက်တိုက်စစ်က သိသိသာသာ အားနည်းသွားမှာဖြစ်ပြီး တန်ဟက်ဂျ်အတွက် ခေါင်းခြောက်စေမယ့် ကိစ္စဖြစ်လာခဲ့ကာ ဆီဗီလာကို ရင်ဆိုင်ရမယ့်အရေးက ရတက်မအေးစရာဖြစ်လာခဲ့ပါတယ်။
"ကြာသပတေးနေ့မှာ ကစားရမယ့် ဆီဗီလာနဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ကို ရက်ရှ်ဖို့ဒ်ပါဝင်နိုင်မှာမဟုတ်ပါဘး၊ သူ ကြွက်သားဒဏ်ရာရရှိနေပါတယ်" လို့ ယူနိုက်တက်အသင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ ဆီဗီလာနဲ့ ရင်ဆိုင်ရတိုင်း ရလဒ်ဆိုးတွေ ရလေ့ရှိတဲ့ ယူနိုက်တက်အတွက် သတင်းဆိုးဖြစ်လာခဲ့ပြီး ပရိသတ်တွေကြားမှာလည်း စိုးရိမ်စရာတွေ ဖြစ်နေပါတယ်။
ဆီဗီလာက ယူရိုပါလိဂ်ရဲ့ ဘုရင်ကြီးလို့ သတ်မှတ်ခံထားရတဲ့အသင်းဖြစ်ပြီး မန်ချက်စတာယူနိုက်တက်နဲ့ ရင်ဆိုင်တိုင်း ရလဒ်ကောင်းလေ့ရှိတဲ့ အသင်းဖြစ်ပါတယ်။ တန်ဟက်ဂျ်အနေနဲ့ ရက်ရှ်ဖို့ဒ်မပါဝင်နိုင်ရင် အန်တိုနီမာရှယ်ကို အသုံးပြုရမှာဖြစ်ပြီး ယူနိုက်တက်ပရိသတ်တွေကတော့ တိုက်စစ်ပိုင်းအားနည်းချက်ရှိလာပြီး ဆီဗီလာနဲ့တွေ့တိုင်း အခြေအနေမကောင်းတာတွေ ထပ်မံဖြစ်ပေါ်လာမှာကို တွေးပူနေကြပြီဖြစ်ပါတယ်။