မန်ချက်စတာယူနိုက်တက်အသင်းဟာ ၎င်းတို့ရဲ့ ကြယ်ပွင့်ကစားသမားတွေကို ရူးသွပ်ချင်စရာပမာဏနဲ့ လစာပေးချေနေမှုကို ရပ်တန့်ဖို့ စည်းမျဉ်းတစ်ခုကို ပြဌာန်းခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိမှာ မားကပ်စ် ရက်ရှ်ဖို့ဒ်ကို စာချုပ်သစ် ချုပ်ဆိုဖို့အတွက် ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေပေမယ့်လည်း ခရစ္စတီယာနို ရော်နယ်လ်ဒိုစည်းမျဉ်းအရ လစာပေးချေမှုပုံစံအသစ်ကို ကျော်လွန်မှာမဟုတ်ဘူးလို့ သိရပါတယ်။

အသက် ၂၅ နှစ်အရွယ် အင်္ဂလန်တိုက်စစ်မှူးဟာ ယခုရာသီ ပြိုင်ပွဲစုံမှာ ၁၆ ဂိုး သွင်းယူထားပြီး ပုံမှန်ခြေစွမ်းရရှိနေတာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၄ မှာ စပါးစ်ထက် ၅ မှတ်အသာနဲ့ ရပ်တည်နေတာ ဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ မန်ချက်စတာစီးတီး၊ လီဗာပူးလ်၊ အာဆင်နယ်တို့ကို ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ၉ ပွဲအထိ နိုင်ပွဲဆက်စံချိန်မှာ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် မန်ချက်စတာယူနိုက်တက်အသင်းဟာ ရက်ရှ်ဖို့ဒ်ရဲ့စွမ်းဆောင်ရည်အတွက် ၂၀၂၄ ခုနှစ်မှာ သက်တမ်းကုန်ဆုံးတော့မယ့် လက်ရှိစာချုပ်ကို လစာတိုး စာချုပ်သစ်နဲ့ ဆုပြန်ချချင်နေတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း စူပါစတားကစားသမားတွေကို ကြီးမားတဲ့ လစာပမာဏပေးချေခဲ့ပြီးနောက် နည်းပြ တန်ဟက်လက်အောက်မှာ ထုံးတမ်းစဉ်လာအသစ်တစ်ခုကို ပြန်လည် ပြင်ဆင်သတ်မှတ်ချင်နေတာ ဖြစ်ပြီး အိန်ဂျယ် ဒီမာရီယာ၊ အလက်ဆစ် ဆန်းချက်ဇ်တို့လို ကစားသမားတွေကို ကြီးမားတဲ့လစာပမာဏနဲ့ ခေါ်ယူခဲ့တာ ပရိသတ်တွေလည်း မှတ်မိကြဦးမှာဖြစ်ပါတယ်။

နောက်ဆုံး ကြီးမားတဲ့လစာပမာဏပေးချေခဲ့တဲ့ကစားသမားကတော့ ၂၀၂၁ ခုနှစ်မှာ အိုးထရက်ဖို့ဒ်ကို စိတ်လှုပ်ရှားဖွယ် ပြန်လည်ပြောင်းရွှေ့လာခဲ့တဲ့ ဂန္တဝင်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဖြစ်ပြီး တစ်ပတ်လုပ်ခလစာ ပေါင် ၅၁၅၀၀၀ အထိ ရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘလွန်ဒေါ ၅ ဆုရှင်ဟာ ပီးယာ့စ် မော်ဂန်နဲ့ အင်တာဗျူးမှာ နည်းပြ၊အသင်းနဲ့ အသင်းဖော်ဟောင်းတွေကို ပြစ်တင်ဝေဖန်ခဲ့ပြီးနောက် နိုဝင်ဘာလမှာ နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းပြီး အိုးထရက်ဖို့ဒ်ကို ဒုတိယအကြိမ် စွန့်ခွာသွားခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်လ်ဒို ထွက်ခွာသွားပြီးနောက်ပိုင်းကတည်းက မန်ချက်စတာယူနိုက်တက်အသင်းဟာ ၎င်းတို့ရဲ့ ကြယ်ပွင့်ကစားသမားတွေကို ရူးသွပ်ချင်စရာပမာဏနဲ့ လစာပေးချေနေမှုကို ရပ်တန့်ဖို့ စည်းမျဉ်းတစ်ခုကို ပြဌာန်းခဲ့ပြီး The Sun ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်ဟာ ရက်ရှ်ဖို့ဒ်နဲ့ စာချုပ်သစ် ဆွေးနွေးနေချိန်မှာ တစ်ပတ်လုပ်ခလစာ ပေါင် ၃ သိန်းထက်ပိုပြီးပေးသွားမှာမဟုတ်ဘူးလို့ သိရပါတယ်။ ဒေးဗစ် ဒဟေးယားဟာ လက်ရှိမှာ တစ်ပတ်လုပ်ခလစာ ပေါင် ၃၇၅၀၀၀ နဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ လစာအမြင့်မားဆုံးကစားသမားဖြစ်နေပေမယ့်လည်း စာချုပ်သစ် ချုပ်ဆိုရင် လစာလျှော့ယူရမယ်လို့ မျှော်မှန်းခြင်းခံထားရပါတယ်။

Share

Loading Next Article...
က္က