လီဗာပူးလ်နဲ့ကစားခဲ့တဲ့ ကာရာဘောင်းဖလားပွဲမှာ အနီကတ်ထိခဲ့တဲ့ အာဆင်နယ်ကွင်းလယ်လူရှာခါကတော့ ပရိသတ်တွေရဲ့ အပြင်းအထန်ဝေဖန်မှုနဲ့ နောက်တကြိမ်ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ လီဗာပူးလ်ကစားသမားဂျိုတာကို ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့လို့ တိုက်ရိုက်အနီကတ်နဲ့ ပြသခံခဲ့ရတဲ့ ရှာခါဟာ ဒီရာသီမှာအနီကတ် ၂ကြိမ်ဖြစ်သွားပြီမို့ ၄ ပွဲအထိ ပွဲပယ်ခံရတော့မှာလည်းဖြစ်ပါတယ်။
သူ့ရဲ့လုပ်ရပ်အတွက် ရှာခါက တောင်းပန်စကားပြန်လည်ပြောဆိုခဲ့ပေမယ့် ပရိသတ်တွေကတော့ အသင်းခေါင်းဆောင်ဟောင်းအပေါ် စိတ်ပျက်သထက်ပျက်လာနေပြီဖြစ်ပါတယ်။ WelBeast နာမည်နဲ့ တွစ်တာအသုံးပြုသူတဦးက "ရှာခါက ဦးနှောက်သေနေပါပြီ၊ သူ့ခေါင်းက ပုံမှန်အတိုင်းပဲလို့ ကျနော်တော့မထင်ဘူး" လို့ ပြောဆိုခဲ့သလို Mark Gilbert ဆိုသူကလည်း "ဘုရားသခင်၊ ရှာခါရေ၊ ကျေးဇူးပြုပြီး ငါတို့အသင်းကနေ မင်းထွက်သွားပါတော့၊ ဘယ်နှစ်ကြိမ်ထိအောင် မင်းလုပ်နေမှာလဲ" လို့ မေးခွန်းထုတ်ခဲ့ပါတယ်။
နောက်တဦးကလည်း "ရှာခါက အနီကတ်တွေကို ပိုပိုပြီးတော့ ချစ်ခင်နေပြီ" လို့ လှောင်ပြောင်သရော်ခဲ့ပါတယ်။ အာဆင်နယ်ပရိသတ်တွေကတော့ သူတို့အသင်းခြေစွမ်းပြန်တက်လာချိန်၊ လီဗာပူးလ်မှာ အဓိကကစားသမားတွေမပါဝင်ချိန်မှာ အနိုင်ရဖို့ မျှော်လင့်ခဲ့ပြီးမှ ရှာခါရဲ့ ထုတ်ပယ်ခံရမှုက သူတို့မျှော်လင့်ချက်တွေကို ပျက်စီးစေခဲ့တယ်လို့ ယူဆခဲ့ကာ ဒေါသထွက်နေကြတာလည်းဖြစ်ပါတယ်။