ရှမ်းရိုးရာအစားအစာလေးတွေကြိုက်နှစ်သက်သူတွေအတွက် ရှမ်းပြည်မြောက်ပိုင်းရဲ့ဒေသစာလက်ရာလေးကို မြည်းစမ်းနိုင်ဖို့ ဒေသခံတွေကိုယ်တိုင်ဖွင့်ထားတဲ့ ဆိုင်ကောင်းလေးတစ်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒေသခံတွေကိုယ်တိုင်ရောင်းတဲ့ ရှမ်းပြည်မြောက်ပိုင်းလက်ရာ
လာရှိုးမကျိန်းဆိုတဲ့နာမည်လေးနဲ့ဖွင့်လှစ်ထားတဲ့ ရှမ်းရိုးရာအစားစာဆိုင်လေးပါ။ရိုးရာအစားအစာရောင်းချတာ နှစ်၃၀နီးပါးအတွေ့အကြုံရှိတဲ့ ရှမ်းပြည်မြောက်ပိုင်းဒေသခံတွေကိုယ်တိုင် ရန်ကုန်မှာလာရောက်ဖွင့်လှစ်ထားတဲ့ ဆိုင်လေးမို့ ရှမ်းမြောက်လက်ရာစစ်စစ်ဒေသစာလေးတွေကိုစားသုံးနိုင်မှာဖြစ်ပါတယ်။
“မကျိန်းဆိုတာက အစ်မတို့အမေရဲ့နာမည်ပါ။အစ်မတို့အမေက အပျိုဘဝထဲက ရှမ်းခေါက်ဆွဲနဲ့ရှမ်းအစားစာလေး တွေကို အစ်မတို့ဒေသမှာရောင်းတာ အဲ့ကနေမှလားရှိုးမြို့ပေါ်ရောက်တော့လည်း ဒီလုပ်ငန်းကိုပဲဆက်လုပ်ခဲ့တာ အစ်မတို့ကအမေရဲ့အမွေအနှစ်ကိုဆက်ထိန်းသိမ်းပြီးမောင်နှမတွေဆက်လုပ်ကြတာ။အရင်ကမိုင်းလားတို့ လောက်ကိုင်တို့မှာ ဆိုင်ဖွင့်ပြီးရောင်းတယ်။လို့” ဆိုင်ရှင် မယန်ယွင်းက ပြောပါတယ်။
မိခင်အမွေကိုဆက်ခံ
မိခင်ဖြစ်သူဟာ မယန်ယွင်းတို့ မောင်နှမ(၆)ယောက်ကို ရှမ်းရိုးရာအစားစာရောင်းချတဲ့အလုပ်နဲ့ ပြုစုပျိုး ထောင်ခဲ့တာမို့ ဒီလုပ်ငန်းကိုကျေးဇူးတင်သလို ချစ်မြတ်နိုးတယ်လို့ မယန်ယွင်းကပြောပါတယ်။ဒါ့ကြောင့်ပဲ ရှမ်းပြည်မြောက်ပိုင်းရဲ့ ဒေသစာလေးတွေကို ကြိုက်နှစ်သက်သူတွေနဲ့ရန်ကုန်ရောက်နေတဲ့ဒေသခံတွေ ဒေသလက်ရာလေးကို အလွမ်းပြေစားသုံးနိုင်ဖို့ ရည်ရွယ်ပြီး ရန်ကုန်မြို့မှာဆိုင်လေးကိုဖွင့်လှစ်ခဲ့တာလို့ ဆိုပါတယ်။
“အစ်မတို့မောင်နှမ(၆)ယောက်လုံးကို အမေကဒီဆိုင်လုပ်ငန်းနဲ့ပဲပညာသင်ပေးခဲ့၊စောင့်ရှောက်ခဲ့တာ ဒီအလုပ်ကငယ်ငယ်ထဲကကိုယ်နဲ့ရင်းနှီးနေတဲ့ အလုပ်လို့ပြောလို့ရတယ်။ ကိုယ်တိုင်ကလည်းကိုယ့်ဒေသစာလေး တွေကြိုက်တယ်လေ။အဲ့ဒါ့ကြောင့်ပဲ ကိုယ့်ဒေသစာလေးတွေချစ်တဲ့စိတ်နဲ့ ရန်ကုန်မှာဆိုင်ဖွင့်ဖြစ်တာပါ။ ဒေသလက်ရာစစ်လေးတွေကို အလွမ်းပြေစားနိုင်ဖို့ရည်ရွယ်ပါတယ်”လို့ မယန်ယွင်းက ပြောပါတယ်။
ရန်ကုန်မြို့ခံတွေကပါကြိုက်ကြတဲ့လက်ရာ
ရန်ကုန်မြို့မှာဆိုင်ဖွင့်ဖို့စီစဥ်တဲ့အခါ ပထမဆုံးအတွေ့အကြုံမို့ စိုးရိမ်စိတ်တွေရှိပေမယ့်လည်း ဆိုင်ဖွင့်ချိန်မှာ တော့ စားသုံးသူတွေကကိုယ့်ဒေသစာလေးတွေကိုကြိုက်နှစ်သက်ပြီးအားပေးကြတဲ့အတွက် ပီတိဖြစ်ရတယ် လို့လည်း မယန်ယွင်းက ပြောပါတယ်။
“ရန်ကုန်မှာဆိုင်ဖွင့်မယ်လို့စဥ်းစားတော့ စိုးရိမ်စိတ်တော့ရှိခဲ့တယ်။ကိုယ့်ဒေသစာလေးတွကို ကြိုက်မှကြိုက် ပါ့မလား၊စားတတ်ကြပါ့မလားဆိုတဲ့အတွေးမျိုးတော့ရှိတာပေါ့။ ဒါပေမယ့်လည်း တကယ်ဆိုင်ဖွင့်တဲ့အချိန်မှာ တော့အားပေးကြတယ်။စားတဲ့သူတိုင်းကကြိုက်ကြတယ်။ဒီလက်ရာလေးကိုဆက်ထိန်းထားလို့ပြောတဲ့ အချိန်မှာ ပျော်တယ်လေ။ရောင်းအားထက် ကိုယ့်လက်ရာကိုယ့်ဒေသစာလေးတွေကို ကြိုက်ကြတယ်ဆိုကျေနပ်တယ်။ ပျော်တယ်” လို့ မယန်ယွင်းက ပြောပါတယ်။
ဒီဆိုင်မှာပဲရနိုင်တဲ့မုန့်ညှင်းချဥ်ရဲ့အရသာက
လာရှိုးမကျိန်းရှမ်းခေါက်ဆွဲဆိုင်လေးမှာ ရောင်းချတဲ့ရှမ်းအစားစာတွေအတွက် အသင့်သုံးပစ္စည်းတွေမသုံးဘဲ ပါ၀င်ပစ္စည်းတိုင်းကို တစ်ခုချင်းကိုယ်တိုင်လုပ်တာဖြစ်ပါတယ်။မုန်ညှင်းချဥ်ကြိုက်သူတွေအတွက်လည်း ကိုယ်တိုင်စိမ်ထားတဲ့ မုန့်ညှင်းစိမ်းအချဥ်လေးရဲ့အရသာကဒီဆိုင်လေးကိုနောက်တစ်ခါထပ်လာချင်အောင် ဆွဲဆောင်နေပါတယ်။ရှမ်းခေါက်ဆွဲပူပူလေးကို အချဥ်အစပ်မပြင်းတဲ့မုန့်ညှင်းစိမ်းချဥ်မွှေးမွှေးကြွပ်ကြွပ်လေးနဲ့ တွဲဖက်စားသုံးတဲ့အခါလိုက်ဖက်ပြည့်စုံတဲ့အရသာကိုခံစားရစေမှာပါ။
စားဖွယ်စုံနဲ့စျေးနှုန်း
လာရှိုးမကျိန်းရှမ်းခေါက်ဆွဲဆိုင်လေးမှာတော့ ရှမ်းခေါက်ဆွဲ၊တို့ဖူးနွေး၊ဆန်ဆီး၊ဆန်ပြား၊မြီးရှည်၊ဆီချက်၊ ဖက်ထုတ်ပြုတ်တို့ရရှိနိုင်ပြီး ကြက်ပေါင်း၊ဝက်စတူး၊အမဲစွပ်၊အမဲလုံး စတဲ့နှစ်သက်ရာအသားနဲ့စားသုံး နိုင်ပါတယ်။ဒါ့အပြင်သက်သက်လွတ်ခေါက်ဆွဲ၊ကြက်ဆီထမင်း၊ဝက်စတူးထမင်း၊မာလာဟင်း၊အမဲခြောက် ထောင်း၊ရှမ်းထမင်းပေါင်းနဲ့၊ခေါက်ဆွဲကြော်၊ထမင်းကြော်တို့လည်းရနိုင်ပါတယ်။စျေးနှုန်းတွေကတော့ ၃၀၀၀ကျပ်ကနေစပြီး ရွေးချယ်မှုအလိုက်စျေးနှုန်းအစားစားရှိပါတယ်။သက်သက်လွတ်ခေါက်ဆွဲကတော့ ၂၀၀၀ကျပ်ဖြစ်ပါတယ်။
ဆိုင်လိပ်စာလေးက
လာရှိုးမကျိန်းရှမ်းခေါက်ဆွဲဆိုင်လေးကိုတော့ မနက်၇နာရီကနေ ည၉နာရီအထိဖွင့်လှစ်ထားပြီး ဆိုင်လိပ်စာလေးကတော့ အမှတ်၂၄၊ရေတာရှည်လမ်းသစ်၊ဗဟန်းမြို့နယ်ဖြစ်ပါတယ်။ ဖုန်းနံပါတ် ၀၉၆၆၃၃၁၁၉၈၈ နဲ့ ၀၉၈၈၇၅၃၀၁၀၀ကိုလည်းဆက်သွယ်မှာယူနိုင်ပါတယ်။ရှမ်းပြည်မြောက်ပိုင်းရဲ့ ဒေသခံတွေကိုယ်တိုင်ရောင်းချတဲ့ဆိုင်လေးမို့ ဒေသလက်ရာရှမ်းအစားစာလေးတွေကို မြည်းစမ်းနိုင်ဖို့ ညွှန်းဆိုပေးလိုက်ပါတယ်။