တောင်ကြီးသူတွေကိုယ်တိုင်ရောင်းတဲ့ ရှမ်းအရသာစစ်စစ် စားရမယ့် မြောက်ဒဂုံမြို့နယ်အတွင်းက ရှမ်းခေါက်ဆွဲ၊ရှမ်းရိုးရာ စားသောက်ဆိုင်အကြောင်း Duwun ပရိသတ်တွေအတွက် မိတ်ဆက်ပေးချင်ပါတယ်။ ဆိုင်လေးနာမည်ကိုတော့ Little Miracles လို့ အမည်ပေးထားပြီး ဖွင့်ထားတာ တစ်လဝန်းကျင်လောက်ပဲ ရှိပါသေးတယ်။
ပြည်ပကို ရှမ်းအစားအစာပို့တဲ့လုပ်ငန်းကနေ ရှမ်းခေါက်ဆွဲဆိုင်လေးဖြစ်လာ
တောင်ကြီးသူဖြစ်တဲ့ မမာလိ ဆိုသူက ကိုဗစ်ကာလ အလုပ်အကိုင်ပါးချိန်မှာ အွန်လိုင်းပေါ်ကနေ ရှမ်းပြည်နယ်ထွက်အစားအစာတွေကို ရောင်းချခဲ့သူပါ။ ရှမ်းဒေသထွက် မုန်ညှင်းချဉ်၊ မျှစ်ချဉ်၊ နေကြာစေ့၊ ပဲပုပ်စေ့ စတဲ့ ရှမ်းအစားအစာတွေကို မလေးရှားနဲ့ စင်ကာပူနိုင်ငံကို တင်ပို့ရောင်းချခဲ့ပြီးနောက် ရန်ကုန်မှာ ရှမ်းစားသောက်ဆိုင်လေး ဖွင့်ဖို့ စိတ်ကူးရခဲ့ပါတယ်။
“ ပြည်ပကို ရှမ်းအစားအစာတွေပို့တော့ ရှမ်းပြည်ကနေ ပို့ရတာ အခက်အခဲဖြစ်မှာဆိုးလို့ ရန်ကုန်မြို့မှာ လာနေဖို့ စိတ်ကူးမိတယ်။ အဲဒီကနေ ဆိုင်လေးတစ်ဆိုင်ဖွင့်ဖို့ ရည်ရွယ်ခဲ့တာပေါ့။ တကယ်တော့ ရန်ကုန်မှာ ရှမ်းဆိုင်လေးဖွင့်ချင်ခဲ့တာကြာပါပြီ။ အခုမှပဲ အကောင်အထည်ဖော်ဖြစ်တာပါ” လို့ ဆိုင်ရှင် မမာလိက ပြောပါတယ်။
တောင်ကြီးသူကိုယ်တိုင်ရောင်းတဲ့ ရှမ်းစာစစ်စစ်ဆိုင်လေး
တောင်ကြီးသူတွေလည်းဖြစ် အစားကောင်းကောင်းကြိုက်သူဖြစ်လည်းဖြစ်တဲ့အပြင် ရှမ်းအစားအစာကို လွမ်းနေသူတွေအတွက် ရည်ရွယ်ပြီးတော့ ဒီဆိုင်လေးကို ဖွင့်လှစ်ခဲ့တာပါ။
“ရန်ကုန်မှာရှိတဲ့ ရှမ်းပြည်ကို လွမ်းနေတဲ့သူတွေ၊ ရှမ်းပြည်အစားအစာတွေကို ကြိုက်နှစ်သက်တဲ့သူတွေရှိတယ်။ ဒါကြောင့်မို့ ကျွန်မကိုယ်တိုင် ရှမ်းပြည်လက်ရာစစ်စစ်ဖြစ်အောင် ချက်ပြုတ်ပြီးတော့ရောင်းချတယ်။ မုန်ညှင်းချဉ်၊ ရှမ်းခေါက်ဆွဲကအစ ရန်ကုန်မှာရှိတဲ့ ခေါက်ဆွဲကို မသုံးဘူး။ ရေစိမ်ခေါက်ဆွဲကအစ၊ ငရုတ်သီးစတဲ့ အသေးသုံးတွေကအစ တောင်ကြီးမြို့က မှာယူပါတယ်။ တကယ့်ကို ရှမ်းပြည်ရဲ့ အရသာစစ်စစ် ခံစားရအောင် လုပ်ထားခြင်းဖြစ်ပါတယ်။” မမာလိဆိုင်က ဆိုပါတယ်။
ရန်ကုန်မြို့ရဲ့ ဆိုင်တိုင်းမှာမရနိုင်တဲ့ ရှမ်းအစားအစာ
ဒီဆိုင်လေးမှာ ရန်ကုန်မြို့ရဲ့ ရှမ်းစားသောက်ဆိုင်တွေမှာ မရနိင်တဲ့ ရှမ်းအစာအစာတွေ ရနိုင်ပြီး ရှမ်းအစာအစာ အမျိုးအစားပေါင်း (၂၀) ကျော်လောက် ရနိုင်တာဖြစ်ပါတယ်။ ရှမ်းဝက်သားချဉ်၊ အသားမျိုးစုံနဲ့ ရှမ်းခေါက်ဆွဲ၊ အမဲလုံးခေါက်ဆွဲ၊ အမဲအူခေါက်ဆွဲ၊ အမဲသားနဲ့ပတ်သတ်တဲ့ရှမ်းအစာအစာမျိုးစုံ၊ ကြက်ပေါင်းခေါက်ဆွဲ၊ ကြက်ခြေထောက်ခေါက်ဆွဲ တို့အပြင် အမဲအူ၊ အမဲပုဆိုးကြမ်း၊ အမဲထပ်တရာ စတဲ့ အမဲအူအစုံ ဗန်းလည်း ရနိုင်ပါတယ်။
“ ရှမ်းဝက်သားချဉ်ဆိုရင် ဒီရန်ကုန်မြို့မှာ နေရာတော်တော်တော်များများမှာ မရနိုင်ဘူး။ ကျွန်မတို့ ဆိုင်မှာ ရနိုင်ပါတယ်။ ခေါက်ဆွဲတွေဆိုလည်း သူ့ရဲ့ အနှစ်တွေက အစ ရှမ်းရဲ့ အရသာမပျက်အောင် လုပ်ထားပါတယ်။ ဒီဆိုင်မှာ လူကြိုက်များပြီး တခြားဆိုင်တွေမှာ မရနိုင်တဲ့ အစားအစာတစ်ခုကတော့ အမဲအူအစုံဗန်းပေါ့။ အမဲအူ၊ အမဲပုဆိုးကြမ်း၊အမဲထပ်တရာပါမယ်။ အမဲကြွက်သားကို ပြုတ်ပြီး ပါးပါးလေးလွှာပြီး လှီးထားတာပါမယ်။ အချဉ်ရည်နဲ့ တို့စားရတာပါ။ အမဲသားကို အဲဒီအချဉ်နဲ့ တွဲဖက်ပြီးစားတဲ့အခါ တကယ်ကို အရသာရှိပါတယ်။ ဒါကို အမဲသားအစုံဗန်းလို့ ခေါ်ပါတယ်။ ရှမ်းပြည်မှာဆို မိသားစုလိုက် စားကြတာပါ။ တစ်ဗန်းကို (၅) ယောက်လောက်ထိ စားလို့ရပါတယ်။” လို့ ဆိုင်ရှင် မမာလိက ဆိုပါတယ်။
အဆိုတော်ဂျေမီအပါအဝင် အနုပညာရှင်တွေအားပေးကြတဲ့ဆိုင်လေး
ဒီရှမ်းအစားအစာဆိုင်လေးကို အဆိုတော်ဂျေမီအပါအဝင် အနုပညာရှင် အဆိုတော် တော်တော်များများလာစားကြလေ့ရှိပါတယ်။ အဆိုတော်ဂျေမီက ရန်ကုန်မြို့မှာတော့ အကောင်းဆုံးရှမ်းခေါက်ဆွဲပဲလို့ မှတ်ချက်ပေးသွားတာမျိုးရှိတယ်လို့ ဆိုပါတယ်။
“ ကိုဂျေမီကတော့ ရန်ကုန်မှာ အကောင်းဆုံးရှမ်းခေါက်ဆွဲဆိုင်ပဲလို့ မှတ်ချက်ပေးသွားတယ်။ ဝက်သားချဉ်နဲ့ဟင်းထုပ်တွေ ချပေးတဲ့အခါ ကုန်အောင် စားသွားတယ်။ ပြီးတော့ ဖေ့စ်ဘွတ်ခ်မှာလည်း သူက ကြေညာပေးထားတယ်” လို့ ဆိုင်ရှင် မမာလိက ပြောပါတယ်။
သန့်ရှင်းမှုနဲ့ စေတနာကိုအဓိက ဦးစားပေး
သန့်ရှင်းမှုကနဲ့ စေတနာက အဓိက ဦးစားပေးတဲ့ ဆိုင်လေးတစ်ခု ဆိုရင်လည်းမမှားပါဘူး။ ဆိုင်ရဲ့ မီးဖိုချောင် အစ ဆိုင်အပြင်အဆင်၊ ဝန်ထမ်းတွေအဆုံးအကုန်လုံးကို သန့်သန့်ရှင်းရှင်းဖြစ်အောင် ဦးစားပေးထားတယ်လို့ ဆိုပါတယ်။
“ ဈေးနှုန်းကတော့ အမဲလုံးခေါက်ဆွဲ၊ အမဲအူခေါက်ဆွဲကို (၃၅၀၀) ကျပ်ယူပါတယ်။ ရှမ်းခေါက်ဆွဲကတော့ အသားနဲ့ (၂၅၀၀) ကျပ်ပါ။ ခေါက်ဆွဲတစ်ပွဲဆို လူတစ်ယောက် ဝဝလင်လင်စားလို့ရပါတယ်။ အများကြီးထည့်ပေးပါတယ်။ ဆိုင်က အသစ်ဆိုပေမယ့် ရှမ်းစာကိုကြိုက်လို့ မိတ်ဟောင်းမိတ်သစ်တွေအများကြီး လာစားကြပါတယ် “ လို့ မမာလိက ဆိုပါတယ်။
ရှမ်းစာစစ်စစ် မြည်းစမ်းချင်သူတွေအတွက် ဆိုင်လိပ်စာ
ဒီဆိုင်လေးကတော့ မြောက်ဒဂုံမြို့နယ်၊ (၃၄) ရပ်ကွက် ၊ ဦးဝိစာရလမ်း၊ အမှတ် (၈၂၈) မှာ ရှိတာဖြစ်ပါတယ်။ ရန်ကုန်တစ်မြို့လုံးကို အိမ်အရောက်ဝန်ဆောင်မှုပေးပြီး ဖုန်းနံပါတ်ကတော့ ၀၉-၂၅၀၄၈၉၇၃၄ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ရှမ်းပြည်နယ်ရဲ့ အရသာကို ထိထိမိမိစားချင်သူတွေအတွက် Little Miracles ဆိုင်လေးကို သွားစားကြည့်ကြဖို့ ညွှန်းပေးလိုက်ပါတယ်။