၆၇၇၁၉၆ ဒေါ်လာ နဲ့ လေလံအောင်သွားတာ ဖြစ်တယ်လို့ RR Auction လေလံရုံက ပြောပါတယ်။

၁၉၇၀ နှစ်လယ်ပိုင်းတွေက ထုတ်ခဲ့တဲ့ Apple-1 ကွန်ပျူတာရှေ့ပြေးပုံစံကို ဒေါ်လာ ၇ သိန်းနီးပါးဈေးနဲ့ လေလံအောင်သွားတယ်လို့ ဆိုပါတယ်။ 

ဆန်ဖရန်စစ္စကိုဘေးဧရိယာက အမည်မဖော်လိုသူ ပစ္စည်းစုဆောင်းသူတစ်ဦးက ၆၇၇၁၉၆ ဒေါ်လာ နဲ့ လေလံအောင်သွားတာ ဖြစ်တယ်လို့ RR Auction လေလံရုံက ပြောပါတယ်။ Apple-1 ကွန်ပျူတာ ရှေ့ပြေးနမူနာဒီဇိုင်းကို ၁၉၇၆ ခုနှစ်မှာ Apple တည်ထောင်သူ စတိဗ်ဂျော့စ်က ကယ်လီဖိုးနီးယားပြည်နယ် Mountain View မှာ ရှိတဲ့ The Byte Shop ပိုင်ရှင် ပေါလ် တာရဲလ်ကို သရုပ်ပြဖို့အတွက် အသုံးပြုခဲ့ပါတယ်။ 





The Byte Shop ဆိုတာ ကမ္ဘာပေါ်မှာ ပထမဆုံး တစ်ကိုယ်ရည်သုံးကွန်ပျူတာစတိုးဆိုင်တစ်ခုလို့လည်း ဘော်စတွန်အခြေစိုက် RR Auction က ဆိုပါတယ်။ Apple-1 ကွန်ပျူတာကို အလုံးရေ ၂၀၀ ဝန်းကျင်ပဲ ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး မူရင်းဈေးက ၆၆၆ ဒေါ်လာ ကျသင့်ပါတယ်။ RR Auction ရဲ့ လေလံပွဲမှာတော့ မူရင်းဈေးထက် အဆ ၁၀၀၀ ကျော် ပေးပြီး အမည်မဖော်ထားတဲ့ ရှေးဟောင်းပစ္စည်းစုဆောင်းသူတစ်ဦးက ဝယ်ယူသွားတာ ဖြစ်ပါတယ်။ 

ဒီထုတ်ကုန်မှာ ပုံမှန်စံအဖြစ် လေဘယ်ထိုးထားကြတဲ့ Apple Computer 1 ဆိုတ့် စာသားအစား Apple Computer A ဆိုတဲ့ စာလုံးတွေ ထွင်းထားပါတယ်။ ပစ္စည်းစစ်မှန်ကြောင်းကို RR Auction ဟာ ၁၉၇၆ ခုနှစ်မှာ တာရဲလ် ရိုက်ထားတဲ့ ဒီကွန်ပျူတာရဲ့ ပိုလာရွိုက်ဓါတ်ပုံဟောင်းတွေနဲ့ နှိုင်းယှဉ်ပြသခဲ့ပါတယ်။ Apple ကွန်ပျူတာ သမိုင်းပညာရှင် ကိုရေး ကိုဟန်ကလည်း ဒီစက်ပစ္စည်းရဲ့ အစစ်အမှန်ဖြစ်မှုကို စာမျက်နှာ ၁၃ မျက်နှာပါ အစီရင်ခံစာနဲ့ အတည်ပြုထားပါတယ်။ 

လေလံတင်ခဲ့တဲ့ Apple-1 ကွန်ပျူတာရှေ့ပြေးဒီဇိုင်းဟာ နှစ်ပေါင်းများစွာကြာအောင် စတိဗ်ဂျော့စ်ကလေးဘဝတုန်းက နေခဲ့တဲ့ အိမ်ဂိုဒေါင်ထဲ ရောက်နေခဲ့တာလို့ ဆိုပါတယ်။ တစ်ခုရှိတာက ဆားကစ်ဘုတ်ပြားရဲ့ အစိတ်အပိုင်းတစ်ခု ပျက်နေလို့ Sprague Atom Capacitors တွေ ပျောက်နေတယ်လို့လည်း ပြောပါတယ်။ Apple-1 ကွန်ပျူတာ ရှေ့ပြေးဒီဇိုင်းကို ပြီးခဲ့တဲ့လက လေလံတင်ခဲ့တာပါ။

"ဒီဘုတ်မရှိရင် Apple-1 ဆိုတာ မရှိပါဘူး။ ဒါက စတိဗ်ဂျော့စ်နဲ့ Apple တို့ရဲ့ အောက်မေ့ဖွယ်ရာ ရေစင်တော်ခွက်လိုပါပဲ" လို့ RR Auction ရဲ့ အမှုဆောင်ဒုဥက္ကဌ ဘော်ဘီ လစ်ဗင်းစတုန်းက ပြောပါတယ်။ 


လေလံအစမှာ ဒေါ်လာ ၂ သိန်းကျော် ရောက်ခဲ့ပြီးနောက် RR Auction က ဒီကွန်ပျူတာဟာ အနည်းဆုံး ဒေါ်လာ ၅ သိန်းနဲ့ လေလံအောင်မယ်လို့ ခန့်မှန်းခဲ့တာပါ။ အခုတော့ စတိဗ်ဂျော့စ်ရဲ့ တစ်ကိုယ်ရည်သုံးကွန်ပျူတာရှေ့ပြေးနမူနာဒီဇိုင်းဟာ ဒေါ်လာ ၇ သိန်းနီးပါးနဲ့ အရောင်းအဝယ်ဖြစ်သွားခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကလည်း လွန်ခဲ့တဲ့ ၄၅ နှစ်က Apple တည်ထောင်သူနှစ်ဦးဖြစ်တဲ့ စတိဗ်ဂျော့စ်နဲ့ စတိဗ်ဝေါ့ဇ်နိခ်တို့ ကိုယ်တိုင်တည်ဆောက်ခဲ့တဲ့ မူရင်း Apple ကွန်ပျူတာကို ဒေါ်လာ ၄ သိန်းနဲ့ လေလံအောင်သွားခဲ့ပါတယ်။ 


Apple တည်ထောင်သူ စတိဗ်ဂျော့စ်နဲ့ ပတ်သက်တဲ့ အောက်မေ့ဖွယ်အသုံးအဆောင်တွေဟာ ဒေါ်လာ သိန်းချီတန်တဲ့ အမှတ်တရပစ္စည်းတွေ ဖြစ်လာပါတယ်။ ပြီးခဲ့တဲ့နှစ်ထဲမှာပဲ ၁၉၇၃ ခုနှစ် စတိဗ်ဂျော့စ် ၁၈ နှစ်သားအရွယ်က အလုပ်လျှောက်လွှာတစ်စောင်ကို အွန်လိုင်းလေလံတစ်ခုမှာ ဒေါ်လာ ၃၄၃၀၀၀ (ရူပီး ၂.၅ ကု‌ဋေခန့်) နဲ့ အရောင်းအဝယ်ဖြစ်သွားတယ်လို့ The Indian Express သတင်းက ဖော်ပြခဲ့ပါတယ်။ ဒီအလုပ်လျှောက်လွှာဟာ စတိဗ်ဂျော့စ်ရဲ့ လက်ရေးနဲ့ ရေးသားထားတဲ့ အလုပ်လျှောက်ထားတာ ဖြစ်ပြီး ဂျော့စ်ရဲ့ဘဝမှာ ပထမဆုံးနဲ့ တစ်ခုတည်းသော အလုပ်လျှောက်လွှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

၂၀၂၁ ခုနှစ်ထဲမှာပဲ စတိဗ်ဂျော့စ် လက်မှတ်ထိုးထားတဲ့ Floppy Disk တစ်ခုကို ဒေါ်လာ ၇၅၀၀ နဲ့ လေလံတင်ခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က