ဘိုင်ယန်နဲ့ပွဲအပြီး လီဝန်ဒေါစကီးနဲ့ပြုံးပျော်နေတဲ့ လန်းဂ်လတ်ကို ပရိသတ်တွေ ပေါက်ကွဲနေတာပါ။

မနေ့ညက ကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာတို့ရဲ့ ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဥ်မှာ ဘိုင်ယန်မြူးနစ်က ၃-၀ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲရလဒ်ကြောင့် ဘာစီလိုနာတို့ ချန်ပီယံလိဂ်မှာ အုပ်စုအဆင့်နဲ့ ကျေနပ်လိုက်ရပြီး ယူရိုပါလိဂ်ကို ဆင်းကစားရတော့မှာပါ။



ဘိုင်ယန်မြူးနစ်ဟာ ဒီပွဲမတိုင်ခင်တည်းက အုပ်စုပထမနေရာ သေချာခဲ့ပေမယ့် ဘာစီလိုနာကတော့ ဘိုင်ယန်မြူးနစ်ကို မဖြစ်မနေ အနိုင်ရဖို့ လိုအပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း တဖက်က ဘင်ဖီကာတို့ အိမ်ကွင်းမှာ ဒိုင်နမိုကိဗ်ကို အိမ်ကွင်းမှာ အနိုင်ရရှိခဲ့သလို ဘိုင်ယန်မြူးနစ်ကလည်း လူစုံထုတ်ပြီး ဘာစီလိုနာကို အနိုင်ယူသွားခဲ့တာပါ။

အဲ့ဒါကြောင့် ဘိုင်ယန်မြူးနစ်နဲ့အတူ ဘင်ဖီကာက အုပ်စုဒုတိယနဲ့ ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့်ကို တက်ရောက်ခဲ့ပါတယ်။ ဘာစီလိုနာတို့ ဒီလိုမျိုး ရလဒ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရပေမယ့် ပွဲအပြီးမှာ အသင်းနောက်ခံလူ လန်းဂ်လတ်တယောက် ပြိုင်ဘက်တိုက်စစ်မှူး လီဝန်ဒေါစကီးနဲ့ ပြုံးပြုံးရွှင်ရွှင် ဖက်လှဲတကင်းရှိနေခဲ့တဲ့အပေါ် ဘာစီလိုနာပရိသတ်တွေက အကြီးအကျယ် ပေါက်ကွဲနေပါပြီ။

အသင်းက သမိုင်းဝင်အခြေအနေဆိုးနဲ့ ကြုံတွေ့ခဲ့ရချိန်မှာ လန်းဂ်လတ်ရဲ့အပြုအမူကလည်း မေးခွန်းထုတ်စရာပါ။ အဲ့ဒါကြောင့် ဘာစီလိုနာပရိသတ်တယောက်က “လီဝန်ဒေါစကီး ပြုံးနေတာကို ကျနော်နားလည်ပါတယ်။ ဒါပေမယ့် လန်းဂ်လတ်က မူလာရဲ့ဂိုးအတွက် တာဝန်ရှိတဲ့ ကစားသမားတွေထဲက တယောက်ပါ”

“သူ ရယ်နေစရာ ဘာအကြောင်းရှိလဲ။ ထွက်သွားပါတော့” လို့ ရေးသားခဲ့ပါတယ်။ အခြားသော ဘာစီလိုနာပရိသတ်တွေကလည်း “အုပ်စုက ပြုတ်တာကို ရယ်နေနိုင်တယ် ဟုတ်လား? မနက်ဖြန်ပဲ သူ့စာချုပ်ကို ဆွဲဖြဲပြီး တခြားအသင်းကို အလကားပေးလိုက်ပါတော့” “ကျနော် ဘာစီလိုနာ ဥက္ကဌ မဟုတ်တာ လန်းဂ်လတ်အတွက် တော်တော် ကံကောင်းပါတယ်”

“ကျနော်သာ အသင်းဥက္ကဌဆိုရင်တော့ သူ့ကိုအသင်းလေယာဥ်ပေါ်လည်း အတက်မခံတဲ့အပြင် မနက်ဖြန် ချက်ချင်း စာချုပ်ဖျက်သိမ်းမှာပါ” လို့ အသီးသီး ဝေဖန်ပြစ်တင်နေကြပါတယ်။ 

Share

က္က