ရီးရဲလ်မက်ဒရစ်ဟာ လာမယ့်နွေရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဘယ်နောက်ခံလူ မာဆယ်လိုကို စာချုပ်သစ်ချုပ်ဆိုဖို့ စဥ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အသက် (၃၃) နှစ် အရွယ် အဆိုပါ ဘရာဇီးလူမျိုး ကစားသမားဟာ တနင်္ဂနွေညကပဲ ရီးရဲလ်မက်ဒရစ်နဲ့အတူ လာလီဂါချန်ပီယံအဖြစ် အောင်ပွဲခံခဲ့ပြီးပါပြီ။
(၂၀၀၇) မှာ ရီးရဲလ်မက်ဒရစ်ကို စတင်ရောက်ရှိလာခဲ့တဲ့ မာဆယ်လိုဟာ အသင်းနဲ့အတူ အောင်မြင်မှုများစွာ၊ ဆုဖလားပေါင်းများစွာကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း မာဆယ်လိုက အသင်းရဲ့သမိုင်းတလျှောက် ဆုဖလားအများဆုံး ဆွတ်ခူးနိုင်တဲ့ ကစားသမားအဖြစ် လာလီဂါချန်ပီယံဆုကို ရယူခဲ့ပြီးနောက် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
မာဆယ်လိုကို ဂျူဗင်တပ်စ်၊ ပီအက်စ်ဂျီအပါအဝင် ဥရောပထိပ်တန်းအသင်းအချို့က ခေါ်ယူဖို့ ဆန္ဒရှိနေပါတယ်။ ဒါပေမယ့် မာဆယ်လိုကတော့ ဥရောပမှာ ဆက်နေရင် ရီးရဲလ်မက်ဒရစ်ကို ပြိုင်ဘက်အဖြစ် ပြန်လည်ရင်ဆိုင်ရမှာစိုးတာကြောင့် ဘရာဇီးကိုသာ ပြန်တော့မယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။
အခု စပိန်ဘက်က ထွက်ပေါ်လာတဲ့သတင်းတွေအရတော့ ရီးရဲလ်မက်ဒရစ်ဟာ မာဆယ်လိုကို နောက်ထပ်တနှစ် စာချုပ်သက်တမ်း တိုးဖို့ အလေးအနက်ထား စဥ်းစားနေကြောင်း သိရှိရပါတယ်။ မာဆယ်လိုဟာ ဒီရာသီမှာ ဖာလန်မန်ဒီရဲ့နောက် ဒုတိယဦးစားပေးအဖြစ်နဲ့သာ ကစားနေရပေမယ့် အသင်းကသာ အလိုရှိသေးရင် ဆက်နေဖွယ်ရှိပါတယ်။
အန်ဆယ်လော့တီကလည်း မာဆယ်လိုကို သဘောကျပြီး ဒီကစားသမားရဲ့ ဦးဆောင်နိုင်စွမ်း၊ ကစားသမားတွေကို လှုံ့ဆော်နိုင်စွမ်းက ရီးရဲလ်မက်ဒရစ်အတွက် တန်ဖိုးရှိနေဆဲပါ။ ပြီးခဲ့တဲ့ရာသီကမှ အသင်းခေါင်းဆောင် ရာမို့စ်ကို စာချုပ်သစ် မချုပ်ဘဲ ရက်ရက်စက်စက် လက်လွှတ်ခံခဲ့တဲ့ ရီးရဲလ်မက်ဒရစ်၊ ကာဆီးလက်စ်၊ ရာအူးလ်တို့လို ဂန္တဝင်တွေကိုပါ ပစ်ပယ်ခဲ့ဖူးတဲ့ ရီးရဲလ်မက်ဒရစ် မာဆယ်လိုကိုတော့ မစွန့်လွှတ်ရက်နိုင်ဖြစ်နေရပါတယ်။