ယူနိုက်တက် တောင်ပံကစားသမား အန်တိုနီဟာ မနေ့ညက ကိုဗင်ထရီနဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲ ပင်နယ်တီ အဆုံးအဖြတ်အပြီးမှာ ကျူးလွန်ခဲ့တဲ့ သူ့ရဲ့လုပ်ရပ်အတွက် ဝေဖန်ခံနေရပါတယ်။ ဒီပွဲမှာ တစ်ဖက်သုံးဂိုးစီ သရေကျခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်မှ ယူနိုက်တက်တို့ အနိုင်ရခဲ့တာပါ။
ယူနိုက်တက်ဟာ သုံးဂိုးအရင်သွင်းနိုင်ခဲ့ပေမယ့် ချေပဂိုးတွေ ဆက်တိုက် ပြန်ပေးခဲ့ရပြီး သုံးဂိုးစီ သရေနဲ့ အချိန်ပို ဆက်ကစားခဲ့ရပါတယ်။ အချိန်ပိုမိနစ် (၁၂၀) မှာလည်း ကိုဗင်ထရီက အနိုင်ဂိုးသွင်းနိုင်ခဲ့ပေမယ့် VAR ပြန်ကြည့်ပြီး လူကျွံဘောအဖြစ် သတ်မှတ်ခဲ့တာကြောင့် ယူနိုက်တက်တို့ ကံကောင်းခဲ့တာပါ။
ပင်နယ်တီအဆုံးအဖြတ်မှာတော့ ယူနိုက်တက်အတွက် နောက်ဆုံးပင်နယ်တီကို ဟွိုက်လန်းက ဂိုးဝင်အောင် ကန်သွင်းပြီး ယူနိုက်တက်တို့ အနိုင်ရခဲ့ပါတယ်။ ဒီလိုမျိုး ဂိုးဝင်သွားချိန်မှာ အန်တိုနီက ကိုဗင်ထရီကစားသမားတွေနဲ့ ပရိသတ်တွေကို ရည်ရွယ်ကာ သူ့ရဲ့လက်နှစ်ဖက်ကို နားရွက်နားကပ်ကာ ရိသဲ့အောင်ပွဲခံခဲ့ပါတယ်။
ကိုဗင်ထရီဟာ သုံးဂိုးပြတ်ရှုံးနေသည့်တိုင် အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်ခဲ့တဲ့ အသင်းဖြစ်ပြီး ဒီပွဲမှာ ယူနိုက်တက်အသင်းထက်လည်း စိတ်ဓာတ်ပိုင်းဆိုင်ရာအရ အသာရခဲ့ပါတယ်။ ကိုဗင်ထရီ ပရိသတ်တွေကလည်း သူတို့ရဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲ မျှော်လင့်ချက်အတွက် အသားကုန်အားပေးခဲ့ကြပါတယ်။
ဒီလိုမျိုး အန်တိုနီက ကိုဗင်ထရီဘက်ကို ရိသဲ့သဲ့လုပ်ခဲ့တဲ့အပေါ် ရှက်စရာကောင်းတဲ့ လုပ်ရပ်အဖြစ် အားလုံးကဝေဖန်သမုတ်နေကြပါတယ်။ တစ်ချိန်တည်းမှာပဲ မက်ဂွိုင်းရားကတော့ ဟွိုက်လန်းရဲ့ ပင်နယ်တီ ဂိုးဝင်ပြီးသွားတာနဲ့ ကိုဗင်ထရီ ကစားသမားတွေနဲ့ လက်ဆွဲနှုတ်ဆက်ခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။