မိဘအများစုဟာ ဘယ်အရာမဆို ကလေးတွေကို ရွေးချယ်ခွင့်မပေးကြဘဲ သူတို့ရဲ့ ထင်မြင်ယူဆချက်လို့သာ အမှန်ထင်တတ်ကြတာကလည်း ရှေးရိုးဆန်တဲ့ အယူအဆတွေပါပဲ။

မိဘတွေအနေနဲ့ ကလေးတွေကို ပြုစုပျိုးထောင်ရာမှာ ရုပ်ပိုင်းဆိုင်ရာသာမကဘဲ စိတ်ပိုင်းဆိုင်ရာ ဖွံဖြိုးမှုအပိုင်းကိုလည်း ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။

Photo: theAsianparent

တစ်ခါတလေ မိဘတွေရဲ့ မှားယွင်းတဲ့အုပ်ထိန်းမှုပုံစံတွေကြောင့် ကလေးတွေမှာ အန္တရာယ်ဖြစ်စေနိုင်ပြီး လမ်းမှားကိုလည်း ရောက်သွားစေနိုင်ပါတယ်။ မိဘတွေရဲ့ မှားယွင်းတဲ့ အုပ်ထိန်းမှုပုံစံတွေထဲမှာ ရှေးရိုးစွဲအယူအဆတွေနဲ့ သားသမီးကို အုပ်ထိန်းကြလိုတဲ့ ပုံစံတွေလည်း ပါဝင်ပါတယ်။ မိဘတိုင်းတော့မဟုတ်ပေမယ့် မိဘအများစုဟာ ရှေးရိုးစွဲအယူအဆတွေ ရှိတာက ဓမ္မတာပါပဲ။ ဘာကြောင့်လဲဆိုတော့ သားသမီးနဲ့ မိဘအကြား ရှင်သန်ရတဲ့မျိုးဆက်ကွာဟမှုတွေကြောင့် မိဘတွေရဲ့ အုပ်ထိန်းမှုဟာ ရှေးရိုးဆန်နေနိုင်ပါတယ်။ တစ်ချို့သော ရှေးရိုးစွဲအယူအဆတွေက ကလေးတွေကို ပြုစုပျိုးထောင်ရာမှာ အန္တရာယ်မရှိနိုင်ပေမယ့် တစ်ချို့ အယူအဆတွေက ကလေးတွေအပေါ် ဆိုးကျိုးသက်ရောက်စေနိုင်တာကို သတိပြုဖို့ လိုအပ်ပါတယ်။

Photo: theAsianparent

“ အိုးကောင်းချင်ရင် နာနာရိုက်” 

မိဘတွေအများစုပြောတတ်ကြပါတယ်။ အိုးကောင်းချင်ရင် နာနာရိုက်ရတယ် ဆိုတဲ့စကားပါ။ ဒီစကားကမိဘတွေရဲ့ ရှေးရိုးစွဲအယူအဆကို ထင်ဟပ်စေတဲ့ စကားပုံတစ်ခုပါ။ မိဘတွေကကိုယ့်ရဲ့သားသမီးကို ရိုက်နှက်ဆုံးမမှသာ ကလေးက နည်းမှန်လမ်းမှန်ဖြစ်တယ်လို့ ထင်တတ်ကြပါတယ်။ ရိုက်နှက်မှသာ ပြောစကားနားထောင်မယ်လို့ လက်ခံပြီးတော့ မိဘတွေဟာ ကလေးတွေကို အုပ်ထိန်းရာမှာ ကလေးကိုရိုက်နှက်ဆုံးမမှသာ ကလေးက လိမ္မာတယ်လို့ ထင်ကြပါတယ်။ ကလေးကိုရိုက်နှက်ဆုံးမတိုင်းကလေးက လိမ္မာသွားတာမဟုတ်ပါဘူး။ ကလေးရဲ့ စိတ်မှာ ကြောက်စိတ်ဝင်သွားတာပဲ ရှိပါတယ်။ ရိုက်နှက်ဆုံးမှုမကြောင့် ကလေးမှာ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေရသွားတတ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ ကလေးသဘာ၀ စူးစမ်းချင်တဲ့ စိတ်တွေ ပျောက်ဆုံးကုန်ပြီး တစ်ခုခုလုပ်မယ်ဆိုတိုင်း အဆူခံရမှာ၊ အရိုက်ခံရမှာကို တွေးပြီး ကြောက်နေတတ်ပါတယ်။ 

Photo: Adobe Stock

ကလေးတွေကို ရွေးချယ်ခွင့်မပေးခြင်း

မိဘအများစုဟာ ဘယ်အရာမဆို ကလေးတွေကို ရွေးချယ်ခွင့်မပေးကြဘဲ သူတို့ရဲ့ ထင်မြင်ယူဆချက်လို့သာ အမှန်ထင်တတ်ကြတာကလည်း ရှေးရိုးဆန်တဲ့ အယူအဆတွေပါပဲ။ ကလေးဆိုတာ ဘာမှမသိဘူး။ မိဘပြောတဲ့အတိုင်းဆိုတာမျိုး လုပ်တတ်ကြပါတယ်။ ဥပမာပြောရရင် ကလေးတွေကို အင်္ကျီဝယ်ပေးတဲ့အခါ ကလေးတွေကြိုက်တာထက် မိဘတွေက သူတို့ကြိုက်တဲ့ပုံစံကို ဆင်ပေး၊ဝတ်ပေးကြပါတယ်။ ကလေးက သူကြိုက်တဲ့အင်္ကျီပုံစံ သူကြိုက်တဲ့အရောင်ကို ရွေးချယ်ခွင့်မရကြတာများပါတယ်။ ဒီလိုကိစ္စမျိုးက မပြောပလောက်စရာကိစ္စလောက်လို့ ထင်ရပေမယ့် နောက်ဆက်တွဲအနေနဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်လာနိုင်ပါတယ်။ ကိစ္စတစ်ခုခုဆိုရင် ကိုယ်တိုင် မဖြေရှင်းတတ်တော့၊ တစ်ခုခုဆို ဝေခွဲမရဘဲ တွေဝေတာ၊ ကိုယ့်ကိုယ်ကိုယ် အားကိုးချင်စိတ်မရှိဘဲ သူတစ်ပါးကိုပဲ မှီခိုချင်တာ ဒီလိုပြဿနာတွေကြုံရတတ်ပါတယ်။ 

Photo: inf.news

ကလေးတွေကို ပါဝင်ခွင့်မပေးခြင်း

ကလေးဆိုတာ လူကြီးတွေရဲ့ စကားဝိုင်းမှာမလာရဘူး ဆိုတဲ့ရှေးရိုးစွဲအယူအဆတွေကလည်းကလေးတွေရဲ့ ပါဝင်မှုကို ဟန့်တားစေတဲ့သဘောသက်ရောက်စေနိုင်ပါတယ်။ လူကြီးတွေရဲ့ စကားဝိုင်းမှာ ကလေးတွေ ထင်မြင်ယူဆတဲ့အတွေးအခေါ်တွေ ဝင်ရောက်ဆွေးနွေးနေတဲ့အချိန်မှာ ဖယ်ကျဉ်ထားတာမျိုးမလုပ်သင့်ပါဘူး။ အဲဒီလိုလုပ်တာက ကလေးတွေအတွက် ဖြစ်လာနိုင်မယ့်ဆိုးကျိုးတွေကတော့ ဘယ်အရာမှာမဆို သူတို့ယုံကြည်ရာကို ထုတ်ဖော်ပြောဆိုလာဖို့ ဝန်လေးလာတာ၊ မိသားစုတွင်းသာမကဘဲ အခြားသော ကျောင်း၊ပတ်ဝန်းကျင်၊ ရပ်ရွာအရေး၊ နိုင်ငံအရေးစသဖြင့်တို့မှာ သူတို့ရဲ့ ယူဆချက်တွေကို ထုတ်ဖော်ပြောဆိုဖို့ ကြောက်ရွံ့လာတာ၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်တွေ ပျောက်ဆုံးလာတာမျိုး ဖြစ်တတ်ပါတယ်။ 

မိဘတွေအနေနဲ့ကလေးတွေကို သွန်သင်ဆုံးမမှုအပိုင်းနဲ့ပတ်သက်ပြီး ကလေးအခွင့်အရေးလေ့လာသူ ကိုထက်ဦးကလည်း အခုလို အကြံပြုထားပါတယ်။

“ ကလေးတွေကိုသွန်သင်ဆုံးမရာမှာ မိဘတွေအနေနဲ့ ရှေးရိုးစွဲအယူအဆတွေကိုပဲ ထားပြီးဆုံးမတာထက် ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်ဖွံဖြိုးမှုကို သေချာလေ့လာပြီး ဆုံးမသွန်သင့်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာရင့်ကျက်ဖွံဖြိုးမှုဆိုတာ ကလေးရဲ့ အသက်အရွယ်အလိုက် ခန္ဓာကိုယ်ကြီးထွားလားမှုအပေါ်မူတည်ပြီး သွန်သင်ဆုံးမသင့်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုဆိုတာမှာလည်း အချို့ကလေးတွေက အသက်ငယ်ပေမယ့် စိတ်ပိုင်းဆိုင်ရာရင့်ကျက်နေတာ၊ အချို့က အသက်ကြီးပေမယ့် စိတ်ပိုင်းရင့်ကျက်မှုအားနည်းနေတာတွေကိုလိုက်ပြီး သွန်သင်ဆုံးမမှုလိုအပ်ပါတယ်။” 

ဒါကြောင့် မိဘတွေအနေနဲ့ ကလေးတွေကို ပြုစုပျိုးထောင်ရာမှာ ရှေးရိုးစွဲအယူအဆတွေကို တသမတ်တည်းဆုပ်ကိုင်ထားတဲ့ အုပ်ထိန်းမှုပုံစံတွေကို အတတ်နိုင်ဆုံးလျှော့ချဖို့ လိုအပ်ပါတယ်။ ရှေးရိုးဆန်တဲ့ အယူအဆတွေနဲ့ အုပ်ထိန်းမှုပုံစံအစားကလေးကိုအခြေပြုတဲ့ အုပ်ထိန်းမှုပုံစံစနစ်ကို ပြောင်းလဲဖို့ ကြိုးစားပါ။ မိဘတွေအနေနဲ့ အခုခေတ်ကလေးတွေကို အုပ်ထိန်းရာမှာ အလျှော့အတင်းလုပ်ဖို့ လိုအပ်တယ်ဆိုတာကို အမြဲသတိပြုဖို့ လိုအပ်ပါတယ်။  

Share

က္က