ရီးရဲလ်မက်ဒရစ်ကို ဂါရတ်ဘေးလ် နှုတ်ဆက်သွားခဲ့တာပါ။

ရီးရဲလ်မက်ဒရစ် တောင်ပံကစားသမား ဂါရတ်ဘေးလ် အသင်းကနေ ထွက်ခွာပြီဆိုတာကို တရားဝင်စာရေးသားပြီး ထပ်မံအသိပေးလာခဲ့ပါတယ်။ အသက် (၃၂) နှစ်အရွယ် ဂါရတ်ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ်မှာ ကစားသမားဘဝ (၉) နှစ်ကြာ ဖြတ်သန်းခဲ့သူပါ။



နောက်ပိုင်းမှာ သူ့ရဲ့ ရီးရဲလ်မက်ဒရစ် ကစားသမားဘဝက စိတ်ပျက်စရာတွေ များပြားလာခဲ့ပြီး မက်ဒရစ်ပရိသတ်တွေရဲ့ အမုန်းတရား၊ လှောင်ပြောင်ဝေဖန်မှုတွေနဲ့ပါ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ပရိသတ်တွေနဲ့ နောက်ဆုံးအကြိမ်တွေ့ဆုံခဲ့တဲ့ ချန်ပီယံလိဂ်ဆုဖလားနဲ့ အောင်ပွဲခံ အခမ်းအနားမှာ အသင်းကထွက်တော့မယ့် ဂါရတ်ဘေးလ်ကို ရီးရဲလ်မက်ဒရစ် ပရိသတ်တွေက ဂုဏ်ပြုအားပေးခဲ့ကြပါတယ်။

အခုတခါမှာလည်း ဂါရတ်ဘေးလ်က “ကျနော့်ရဲ့လက်ရှိအသင်းဖော်တွေ၊ အသင်းဖော်ဟောင်းတွေ၊ နည်းပြတွေ၊ အသင်းဝန်ထမ်းတွေနဲ့ပရိသတ်တွေကို ကျေးဇူးတင်သောအားဖြင့် ကျနော် ဒီစာကို ရေးသားလိုက်ပါတယ်။ လွန်ခဲ့တဲ့ (၉) နှစ်မှာ ကျနော်က လူငယ်တယောက်အနေနဲ့ ရီးရဲလ်မက်ဒရစ်မှာ ကစားဖို့ အိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်ဖို့ ရောက်ရှိလာခဲ့ပါတယ်”

“သန့်စင်တဲ့အဖြူရောင်ဂျာစီကို ဝတ်ဆင်ခဲ့တယ်၊ ဘာနေဗျူးကွင်းကြီးထဲ ကစားခွင့်ရခဲ့တယ်၊ အမှတ်ပေးချန်ပီယံဆုတွေ၊ ကျော်ကြားတဲ့ ချန်ပီယံလိဂ်ဖလားကြီးတွေကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ကျနော် နောက်ပြန်လှည့်ကြည့်လိုက်တိုင်း ဒီအရာတွေက အိပ်မက်တွေ လက်တွေ့ဖြစ်လာခဲ့သလိုပါပဲ။ အသင်းရဲ့သမိုင်းကြောင်းမှာ ပါဝင်ခွင့်ရရှိခဲ့တာ၊ ရီးရဲလ်မက်ဒရစ် ကစားသမားဘဝမှာ အောင်မြင်မှုတွေရရှိခဲ့တာက အံ့အားသင့်ဖွယ် အတွေ့အကြုံတွေပါပဲ”

“ကျနော် ဒါတွေကို ဘယ်တော့မှမေ့ပျောက်သွားမှာ မဟုတ်ပါဘူး။ ကျနော့်ကို ဒီအသင်းမှာ ကစားဖို့ အခွင့်အရေးပေးခဲ့တဲ့ ဥက္ကဌ ပီရက်ဇ်၊ ဟိုဆေးအိန်ဂျယ်ဆန်းချက်ဇ်နဲ့ ဘုတ်အဖွဲ့ဝင်တွေကိုလည်း ကျေးဇူးတင်လိုပါတယ်။ အသင်းရဲ့သမိုင်းနဲ့ဘောလုံးသမိုင်းအတွက် ကျနော်တို့တွေ အတူတကွ အခိုက်အတန့်အချို့ကို ဖန်တီးနိုင်ခဲ့ပါတယ်”

“ဒါက ဂုဏ်ယူစရာဖြစ်ခဲ့ပါပြီ။ ကျေးဇူးတင်ပါတယ်။ ဟာလာ မက်ဒရစ်။ ဂါရတ်ဘေးလ်” လို့ ရေးသားပြီး သူ့ရဲ့ တွစ်တာပေါ်မှာ တင်ထားခဲ့ပါတယ်။ ဂါရတ်ဘေးလ် ဘယ်အသင်းကို ပြောင်းမယ်ဆိုတာတော့ လက်ရှိအချိန်အထိ မဆုံးဖြတ်ရသေးပါဘူး။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က