အခုလိုကာလ ကုန်ဈေးနှုန်းမြင့်မားမှုတွေကြားမှာ အခက်အခဲဖြစ်နေတဲ့လူတွေရဲ့ထမင်းတစ်နပ်စာ အဆင်ပြေစေနိုင်ဖို့ ရည်ရွယ်ပြီး အဝစား (၁,၀၀၀) တန်ထမင်းဆိုင်လေးကို လှိုင်မြို့နယ် ဘူတာရုံလမ်းမှာ ဖွင့်လှစ်လိုက်ပါတယ်။
ဇွန်လ (၂၀) ရက်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး တစ်ပတ်ကို (၃) ရက် တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာရက်တွေမှာ ရောင်းချပေးနေတာဖြစ်ပြီး အလှူလေးလုပ်ချင်တဲ့ စိတ်ကူးနဲ့ ဒီလို အဝစား (၁,၀၀၀) တန်ထမင်းဆိုင်လေးကို ဖွင့်လှစ်တာဖြစ်တယ်လို့ Mazely Flannel မှကိုမင်းဇံရီက ဆိုပါတယ်။
ဒီလို အဝစား (၁,၀၀၀) တန်ထမင်းဆိုင် ဖွင့်လှစ်ခဲ့တဲ့ Mazely Flannel ဆိုင်မှ ကိုမင်းဇံရီက အထည်ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီး အလှူအတန်း ဝါသနာပါသူတစ်ဦးဖြစ်တဲ့အတွက် အခုလို အခြေအနေမျိုးမှာ လူတွေရဲ့ အခက်အခဲကို တစ်ဖက်တစ်လမ်းက ကူညီချင်တဲ့အတွက် ဒီဆိုင်လေးကို ဖွင့်ဖြစ်ခဲ့တာပါ။
“ ကျွန်တော်တို့က ပုံမှန်လည်းကျူးကျော်တဲတွေမှာ အလှူသွားလုပ်နေကျပဲ။ အခုကာလမှာ အလှူလေးတစ်ခု ထပ်လုပ်ချင်တယ်။ ဒါပေမယ့် တစ်နေရာသွားလှူလိုက်ရင် တစ်ရက်ပဲ သွားလှူလို့ရမှာလေ။ ဒါကြောင့် ရေရှည် လှူလို့ရအောင် ဆိုပြီး (၁,၀၀၀) တန်ထမင်းဆိုင် ဆိုပြီး လုပ်လိုက်တာပါ” လို့ ကိုမင်းဇံရီကပြောပါတယ်။
ထမင်းနဲ့အသားဟင်းတစ်ပွဲ၊ အသီးအရွက် နှစ်ပွဲ၊ အရည်သောက်ဟင်းချို၊ ငါးပိနဲ့တို့စရာ အပါအဝင်ကိုမှ တစ်ပွဲ (၁,၀၀၀) ကျပ်သာ ကျသင့်ပြီး ငွေကြေးမတတ်နိုင်တဲ့သူတွေအနေနဲ့လည်း အခမဲ့စားသွားနိုင်တာဖြစ်ပါတယ်။
“ တစ်ချို့ကလည်း လာလှူတဲ့သဘောနဲ့လာစားကြတာ။ (၁,၀၀၀) ဆိုပေမယ့် ငါးထောင်၊ တစ်သောင်းပေးသွားတဲ့သူတွေရှိတယ်။ ကျွန်တော့်စိတ်ကူးလေးကိုပြောပြတော့ သဘောကျလို့ လှူသွားကြတာမျိုးပါ။ တစ်ချို့ကလည်း မရှိလို့ လာစားတာ။ စားတဲ့အခါမှာ သူတို့ ကလက်ရာကောင်းတယ်၊ စိတ်ကျေနပ်ကြတော့ ပိုက်ဆံပေးသွားကြတာ” လို့ ကိုမင်းဇံရီက ဆိုပါတယ်။
အဝစား (၁.၀၀၀) တန်ထမင်းဆိုင်ဆိုပေမယ့်လည်း ပုံမှန်ထမင်းဆိုင်တွေလိုပဲ အသားဟင်း၊ ငါးဟင်း ကိုလက်ရာကောင်းကောင်းနဲ့ချက်ပြုတ်ထားပြီး အရွက်ကြော် (၃)၊ (၄) မျိုးခန့်၊ ငါးပိနဲ့ တို့စရာ အစုံပြုလုပ်ထားပါတယ်။ လက်ရာကောင်းတာကြောင့်လည်း လာစားကြတဲ့သူတွေများတယ်လို့သိရပါတယ်။
တစ်ရက်ကို လူအယောက် (၂၀၀) နဲ့ (၃၀၀) ကြားစားနိုင်အောင် စီစဥ်ချက်ပြုတ်ထားပြီး ချက်ပြုတ်ဖို့အတွက် အသီးအရွက်၊ အသားငါးတွေ ဝယ်တဲ့အခါမှာလည်း ဝယ်တဲ့သူတွေက စျေးလျှော့ရောင်းချပေးတယ်လို့ ကိုမင်းဇံရီကပြောပါတယ်။
ရှိသူပေး၊ မရှိသူအခမဲ့စားလို့ရတဲ့ အဝစား (၁,၀၀၀) တန်ထမင်းဆိုင်လေးကို တစ်လခန့်သာ ဖွင့်လှစ်ဖို့ စီစဥ်ထားပေမယ့်လည်း လှူဒါန်းလိုသူတွေ စိတ်ဝင်စားသူတွေ များပြားတာကြောင့် ရေရှည်ဖွင့်လှစ်သွားနိုင်ဖို့ စိတ်ကူးထားတယ်လို့လည်း သိရပါတယ်။
ဒီဆိုင်လေးကိုတော့ လှိုင်မြို့နယ်၊ မာဃလမ်း၊ (၁၀) ရပ်ကွက်၊ အမှတ် (၂) ၊ တိုက် (၆) မှာဖွင့်လှစ်ထားတာဖြစ်ပြီး မနက် (၉) နာရီမှာ စတင်ကာ ရောင်းချပေးနေတာဖြစ်ပါတယ်။
Share