ပီကေးတယောက် တော်တော်ခံစားနေရတယ်လို့ဆိုပါတယ်။

ဘာစီလိုနာနောက်ခံလူ ပီကေးဟာ အတူနေချစ်သူ ရှကီရာနဲ့လမ်းခွဲပြီးနောက်ပိုင်း ခံစားနေရတာကြောင့် သူ့ကို ဝိုင်းဝန်းအားပေးဖို့ လိုအပ်နေကြောင်း ဘာစီလိုနာဥက္ကဌ လာပေါ်တာက ဖွင့်ဟလာပါတယ်။ အသက် (၃၅) နှစ်အရွယ် ပီကေးနဲ့ ရှကီရာတို့ ပြီးခဲ့တဲ့လအတွင်းက (၁၁) နှစ်ကြာ ချစ်ဇာတ်လမ်းကို အဆုံးသတ်ခဲ့တာပါ။



ဒီကာလအတွင်း သူတို့နှစ်ယောက်မှာ သားသမီးနှစ်ယောက် ထွန်းကားခဲ့သည့်တိုင် ပီကေးရဲ့ဖောက်ပြန်မှုတွေကို ရှကီရာက လက်ပူးလက်ကြပ်မိခဲ့တယ်လို့ သတင်းတွေထွက်ခဲ့တဲ့နောက် အခုလိုပဲ လမ်းခွဲခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် စပိန်ဒေသခံသတင်းအချို့ကတော့ ပီကေးဟာ ရှကီရာနဲ့လမ်းခွဲခဲ့သည့်တိုင် အမှားအယွင်းတစုံတရာပြုလုပ်ခဲ့တာမျိုး မရှိဘူးလို့ ဖော်ပြနေပါတယ်။

ဒါပေမယ့် ရှကီရာနဲ့လမ်းခွဲခဲ့ပြီးနောက်ပိုင်း ပီကေးဟာ တော်တော်လေး ခံစားနေရတယ်လို့ သိရပြီး ဘာစီလိုနာဥက္ကဌ လာပေါ်တာကလည်း ဒီအကြောင်းကို အခုလိုပြောပြလာပါတယ်။ လာပေါ်တာက “ပီကေးတယောက် ခံစားနေရပါတယ်။ ကျနော်တို့ စိတ်ကူးထဲမှာ ကစားသမားတွေက ဂုဏ်ပုဒ်တွေ၊ ပိုက်ဆံတွေနဲ့ သူတို့လိုချင်တာအားလုံးရှိတယ်လို့ ထင်နေကြပါတယ်”

“ဒါပေမယ့် ကစားသမားတွေကလည်း လူသားတွေပါပဲ။ ပီကေးက လူကောင်းတယောက်ဖြစ်ပြီး ကျနော်တို့ အသင်းရဲ့ အသင်းခေါင်းဆောင်တွေထဲကတယောက်ပါ။ သူ ကံကောင်းပါတယ်။ သူက ကျနော်တို့အတွက် အများကြီး ပေးဆပ်ခဲ့တယ်၊ ထပ်ပြီး ပေးဆပ်ဖို့လည်းရှိနေပါသေးတယ်။ ဒါပေမယ့် အခုချိန်မှာ သူ့အတွက် ခက်ခဲတဲ့ အချိန်ကာလကို ဖြတ်သန်းနေရပါတယ်”

“ကလေးတွေကလည်း အရမ်းကိုငယ်ရွယ်ပါသေးတယ်။ ပီကေးက ပရိသတ်တွေဆီက အားပေးထောက်ခံမှုနဲ့ ထိုက်တန်ပါတယ်။ သူ့ကိုတာဝန်မဲ့တဲ့သူတယောက်အဖြစ် ပုံဖော်နေတဲ့ သတင်းတွေကို အာရုံမစိုက်ကြပါနဲ့။ ပီကေးက ထူးချွန်တဲ့သူတယောက်ဆိုပေမယ့် အရမ်းကို ခံစားနေရပါတယ်။ ကျနော်တို့တွေ သူ့ကို ကူညီရပါမယ်။ ကျနော်က ပီကေးနဲ့ထိုက်တန်တဲ့ ချစ်ခင်မှုတွေကိုပေးမယ့် ပထမဆုံး လူတယောက်ပါပဲ” လို့ ပြောကြားခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က