ဘာစီလိုနာနဲ့စပိန်လက်ရွေးစင် နောက်ခံလူ ပီကေးဟာ တချိန်တုန်းက သူ့လက်တွဲဖော်ရှကီရာရဲ့ သီချင်းဆိုဖျော်ဖြေမှုကို သွားရောက်ကြည့်ရှုအားပေးနိုင်ဖို့အတွက် စပိန်လက်ရွေးစင်ရဲ့ ခြေစစ်ပွဲကို ရွှေ့ဆိုင်းခိုင်းခဲ့ဖူးကြောင်း သိရှိရပါတယ်။ (၂၀၁၉) နိုဝင်ဘာမှာ ပီကေးက ဒီလိုမျိုးတောင်းဆိုခဲ့ပြီး စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ရူဘီရာလက်စ်က ပြန်လည်ဖွင့်ချခဲ့တာပါ။
ပီကေးဟာ အဲ့ဒီနှစ်ရဲ့ နိုဝင်ဘာ (၁၈) မှာ မက်ဒရစ်မြို့မှာကျင်းပမယ့် ဒေးဗစ်ဖလား တင်းနစ်ပြိုင်ပွဲကို သွားရောက်လိုခဲ့ပြီး ဒါဟာ အဲ့ဒီပွဲမှာ သူ့ချစ်သူ ရှကီရာ သီချင်းဆိုမှာကြောင့်လို့ သိရပါတယ်။ ရူဘီရာလက်စ်က “ပီကေးက ကျနော့်ဆီလာပြီး သူ့အတွက် အရေးကြီးတဲ့ကိစ္စတခုရှိတယ်လို့ ပြောပါတယ်။ သူက ခင်ဗျားဒါကို ဒီတိုင်း ကူညီရင်ကူညီ ဒါမှမဟုတ် တခြားနည်းလမ်းနဲ့ ကူညီဆိုပြီး ပြောတာ”
“နိုဝင်ဘာ (၁၈) မှာ ကစားမယ့် စပိန်နဲ့ရိုမေးနီးယားရဲ့ ယူရိုခြေစစ်ပွဲကို ရွှေ့ခိုင်းပါတယ်။ ဘာလို့လဲဆိုတော့ ပီကေးက ရှကီရာသီချင်းဆိုတာကို သွားကြည့်ချင်လို့ပါ။ ဒီပွဲက တနင်္ဂနွေကိုရွှေ့လို့ရရင်တော့ ကောင်းတာပေါ့။ ဒါပေမယ့် ကျနော်လည်း ဒါတွေကို ကြိုမှမသိတာလေ။ ဒီတော့ ပီကေး အဆင်ပြေမယ့်ရက်ကို ပြန်ကြည့်တာပေါ့လို့ပဲ ပြောလိုက်တယ်”
“လက်မှတ်တွေမရောင်းရသေးဘူးဆိုရင်တော့ ပွဲကိုရွှေ့ရတာ အဆင်ပြေပါတယ်။ ဒါပေမယ့် အခုတော့ အဆင်မပြေပါဘူး” လို့ ပြန်ပြောင်းပြောကြားခဲ့ပါတယ်။ စပိန်နဲ့ရိုမေးနီးယားပွဲကိုလည်း ပုံမှန်အတိုင်း ကစားခဲ့ပြီး အဲ့ဒီပွဲမှာ စပိန်က ငါးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲမှာ ပီကေးပါဝင်ကစားခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။ ဒါပေမယ့် မကြာခင်ကပဲ ပီကေးနဲ့ရှကီရာတို့ လမ်းခွဲလိုက်ပြီဖြစ်ပြီး ပီကေးရဲ့ ဖောက်ပြန်မှုကြောင့်လို့ သတင်းဌာနတွေက ဖော်ပြနေပါတယ်။
စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ရူဘီရာလက်စ်က မကြာခင်ရက်ပိုင်းအတွင်းကပဲ စပိန်လက်ရွေးစင်နောက်ခံလူကြီး ရာမို့စ်က ဘလွန်းဒီအော်ရဖို့ သူ့ထံ အကူအညီတောင်းခဲ့ကြောင်း ဖွင့်ဟခဲ့ဖူးပြီး အဲ့ဒီအချိန်ကလည်း ရာမို့စ်ကို ကူညီပေးမယ်လို့သာ ပြောကြားခဲ့ကြောင်း ဖွင့်ဟထားပါတယ်။