လီဗာပူးလ်အသင်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲနဲ့ ထိုက်တန်တယ်လို့ မနေ့ကပွဲအပြီးမှာ ဗီလာရီးရဲလ်နည်းပြအူနိုင်းအမ်မရီက ပြောဆိုလိုက်ပါတယ်။ အမ်မရီရဲ့အသင်းဟာ အိမ်ကွင်းမှာ ၂-၀ နဲ့ ဦးဆောင်ခဲ့ပြီး ပထမအကျော့ရလဒ်ကို ချေဖျက်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ၃ ဂိုးအထိ ပြန်လည်ခွင့်ပြုခဲ့ရပြီး နှစ်ကျော့ပေါင်းရလဒ် ၅-၂ နဲ့ အရေးနိမ့်ကာ ဆီမီးဖိုင်နယ်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။
ဒါပေမယ့်လည်း အမ်မရီကတော့ ပထမအကျော့အပြီးမှာ ပြောဆိုခဲ့တဲ့ သူ့ရဲ့စကားကို တည်အောင် လုပ်ပြနိုင်ခဲ့ပါတယ်။ အန်ဖီးလ်မှာ အရေးနိမ့်ခဲ့ပြီးနောက် သူက "လာမယ့်တပတ်မှာကစားရမယ့် ဒုတိယအကျော့က အများကြီးကွဲပြားခြားနားမှာပါ၊ ကျနော့်အထင်တော့ သူတို့တွေက ဒုက္ခကောင်းကောင်းတွေ့ပါလိမ့်မယ်" လို့ ပြောဆိုခဲ့ပြီး အမှန်တကယ်လည်း လီဗာပူးလ်ကို အခက်တွေ့အောင်လုပ်ပြနိုင်ခဲ့ပါတယ်။
၂-၀ နဲ့ ဦးဆောင်ခံလိုက်ရလို့ လီဗာပူးလ်ဟာ တော်တော်လေးအခက်တွေ့ခဲ့ပြီး ပထမပိုင်းမှာ ကစားပုံပါပျက်ခဲ့ပါတယ်။ သီယာဂိုအပါအ၀င် ကစားသမားတွေဟာလည်း Normal Pass တောင် မှန်အောင်မပေးနိုင်တော့တဲ့အထိ ဖိအားတွေများခဲ့ရပြီး ပထမပိုင်းတပိုင်းလုံးမှာ ဗီလာရီးရဲလ်ရဲ့ ထိန်းချုပ်မှုအောက်ရောက်နေခဲ့ပြီး ယုံကြည်မှုပါပျောက်ဆုံးခဲ့ရပါတယ်။
ဒုတိယပိုင်းမှာ အကောင်းဆုံးဖြစ်အောင် ပြန်လည်ပြင်ဆင်နိုင်ခဲ့လို့ လီဗာပူးလ်တို့ ပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်။ ဗီလာရီးရဲလ်ကတော့ အရေးနိမ့်ခဲ့ပေမယ့်လည်း ပရိသတ်တွေရဲ့ အသိအမှတ်ပြုမှုကို ရရှိခဲ့ပြီး သူတို့ရဲ့အားထုတ်မှုက ချီးကျူးခံခဲ့ရပါတယ်။ အမ်မရီကလည်း သူ့ပြောစကားအတိုင်း ကလော့ပ်ကို အခက်တွေ့အောင် လုပ်ပြနိုင်ခဲ့ပြီး သူ့မှာလည်းအဆိပ်ရှီတယ်ဆိုတာကို ပြသနိုင်ခဲ့ပါတယ်။
ကစားသမားအင်အား၊ တဦးချင်းခြေစွမ်းပိုင်းမှာ ကွာဟလို့သာ အရေးနိမ့်ခဲ့တာဖြစ်ပြီး ဒီလောက်အထိကစားနိုင်ခဲ့တာကိုက ချီးကျူးရမှာလည်းဖြစ်ပါတယ်။