ရှုံးပွဲအတွက် PSG နောက်ခံလူ ကင်မ်ပမ်ဘီက စိတ်ပျက်နေတာပါ။

PSG နောက်ခံလူ ကင်မ်ပမ်ဘီက ချန်ပီယံလိဂ်ပွဲစဥ်အဖြစ် မနေ့ညက မန်စီးတီးကို ၂-၁ ဂိုးနဲ့ အဝေးကွင်းမှာရှုံးခဲ့တဲ့ရလဒ်အတွက် အခဲမကျေနိုင်ဖြစ်နေပြီး ပွဲကို စောစောစီးစီး သတ်ထားလိုက်ရမှာလို့ ဖွင့်ဟပြောကြားလာပါတယ်။ ဒီပွဲမှာ PSG က အမ်ဘာပေရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် စတာလင်၊ ဂျေးဆုတို့ရဲ့သွင်းဂိုးတွေကြောင့် ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာပါ။



ဒါပေမယ့် တဖက်မှာ လိုက်ပ်ဇစ်က ဘရုဂေးကို ဂိုးပြတ်အနိုင်ရလိုက်တာကြောင့် မန်စီးတီးရော၊ PSG ရော နောက်တဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ မန်စီးတီးကတော့ အုပ်စုဗိုလ်နေရာကို ရယူထားပြီး ဒီအပေါ်မှာတော့ ကင်မ်ပမ်ဘီတယောက် မကျေမနပ်ဖြစ်နေတာပါ။

ပွဲအပြီးမှာ ကင်မ်ပမ်ဘီက “နံပါတ် (၁) ရည်မှန်းချက်က နောက်တဆင့်ကို တက်ဖို့ပါ။ ဒါသေချာတာပေါ့။ ဒါပေမယ့် ကျနော်တို့ အခုချိန်ထိ ရှုံးပွဲအတွက် စိတ်ပျက်နေရဆဲပါ”

“ကျနော်တို့ ဒီထက်ပိုကောင်းအောင် လုပ်ပြနိုင်တာကို သိပါတယ်။ ကျနော်တို့က ချန်ပီယံလိဂ်ဖလားကို စိန်ခေါ်သူတွေဖြစ်ပြီး အရှုံးဆိုရင် မကြိုက်ပါဘူး”

“ကျနော်တို့ ဘယ်နေရာတွေမှာ ပိုတိုးတက်ဖို့ လိုအပ်ခဲ့သလဲ? ကျနော်တို့အနေနဲ့ ပွဲတွေကို စောစောစီးစီး အပြတ်ဖြတ်နိုင်ဖို့ လိုအပ်ပါတယ်။ ဖျက်ထုတ်မှုတွေ၊ အသင်းလိုက်ဟန်ချက်တွေ လိုအပ်ပြီး ဒါတွေက အလှည့်အပြောင်းတွေဖြစ်စေမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

PSG နည်းပြ ပိုချက်တီနိုကလည်း မန်စီးတီးက ပထမပိုင်းမှာ ပိုကောင်းပေမယ့် ဒုတိယပိုင်းမှာတော့ PSG က ပိုကောင်းတယ်လို့ ပြောကြားခဲ့ပါတယ်။ PSG ကတော့ ဒီပွဲမှာ မန်စီးတီးဂိုးပေါက်ကို (၂) ကြိမ်သာ တည့်မတ်အောင် ခြိမ်းခြောက်နိုင်ခဲ့ပြီး ပွဲချိန်အများစုမှာ မန်စီးတီးကသာ PSG ကို လွှမ်းမိုးအသာစီးယူကစားသွားခဲ့တာဖြစ်ပါတယ်။ 

Share

က္က