ယူနိုက်တက်ဟာ မနေ့ညက ဂါလာတာစာရေးကို ချန်ပီယံလိဂ် အုပ်စု ဒုတိယအကျော့ပွဲအဖြစ် ရင်ဆိုင်ခဲ့ရာမှာ ၂-၃ ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။ ဒီရှုံးပွဲကြောင့် ဒီရာသီ ချန်ပီယံလိဂ်မှာ ယူနိုက်တက်တို့ နှစ်ပွဲကစား၊ နှစ်ပွဲစလုံး ရှုံးနိမ့်ထားခဲ့တာလည်း ဖြစ်ပါတယ်။
ယူနိုက်တက်အတွက် ဟို့ဂျ်လန်းက နှစ်ကြိမ်တိုင်တိုင် ဦးဆောင်ဂိုးသွင်းခဲ့ပေမယ့် ဒီသွင်းဂိုးတွေရဲ့နောက် (၄) မိနစ် ဒါမှမဟုတ် (၅) မိနစ်သာခြားပြီး ချေပဂိုး ပြန်ပေးခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ကက်စ်မဲရိုးအထုတ်ခံခဲ့ရပြီး အီကာဒီက ဂါလာတာစာရေးအတွက် အနိုင်ဂိုးသွင်းယူပေးသွားခဲ့ပါတယ်။
ဒါ့အပြင် ဒီပွဲမှာ ယူနိုက်တက်ကစားသမားဟောင်း ဇာဟာကလည်း အသင်းအတွက် အရေးပါတဲ့ ပထမချေပဂိုးကို သွင်းယူပေးခဲ့ပါသေးတယ်။ ဇာဟာ,ဟာ ယူနိုက်တက်ကစားသမားဘဝမှာ အဆင်မပြေဖြစ်ခဲ့ပြီး အိုးထရက်ဖို့ဒ်ရဲ့ အဝေးတစ်နေရာကို လွင့်စင်ထွက်ခဲ့ရတဲ့ ကစားသမားပါ။
ဒါပေမယ့် အခု ယူနိုက်တက်နဲ့ ပြန်တွေ့ချိန်မှာတော့ ဇာဟာက အသင်းအတွက် အရေးပါတဲ့ ပထမချေပဂိုးကို လှလှပပ ကန်သွင်းယူခဲ့ပါတယ်။ အဲ့ဒီနောက် သူ့ရဲ့ လက်နှစ်ဖက်ကို နားဘေးနားကပ်ပြီး အသင်းဟောင်း ယူနိုက်တက်ကို ပြန်လည်လှောင်ပြောင်ဟန် ပြုလုပ်သွားခဲ့တာကို ပရိသတ်တွေ မြင်တွေ့ခဲ့ရပါတယ်။
ဒီပွဲမတိုင်ခင် သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ဇာဟာက ယူနိုက်တက်နဲ့ ပြန်လည်ရင်ဆိုင်ရတဲ့အပေါ် ဘာမှ စိတ်အနှောင့်အယှက်မဖြစ်ကြောင်း ပြောကြားထားပါတယ်။ ဇာဟာ,ဟာ ယူနိုက်တက်ကစားသမားဘဝ (၂) နှစ်တာအတွင်း စိတ်ပျက်စရာတွေ၊ စိတ်ဓာတ်ကျစရာတွေနဲ့ ရင်ဆိုင်ခဲ့ရကြောင်း ဖွင့်ဟဝန်ခံခဲ့ဖူးပါတယ်။