မနေ့ညက ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ နော်တင်ဟမ်ဖောရက်စ်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲမှာ ချဲလ်ဆီးရှုံးနိမ့်ခဲ့တဲ့အပြင် မူဒရစ်ခ်၊ ကိုင်စီဒိုတို့အတွက်လည်း တစ်ဦးချင်းအရ အရှက်ရစရာတွေဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာ နော်တင်ဟမ်ဖောရက်စ်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို အီလန်ဂါက သွင်းယူပေးခဲ့ပါတယ်။
အီလန်ဂါရဲ့ သွင်းဂိုးမှာ ချဲလ်ဆီးကွင်းလယ်က ကိုင်စီဒိုရဲ့ အမှားကြောင့် အစပြုခဲ့တယ်လို့ ဆိုနိုင်ပြီး ကွင်းလယ်မှာ ဘောလုံးဆုံးရှုံးခဲ့တဲ့နောက် ဒီဘောလုံးက အီလန်ဂါရဲ့ သွင်းဂိုးဖြစ်တဲ့အထိကို ဦးတည်သွားခဲ့တာပါ။ ကိုင်စီဒိုဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ချဲလ်ဆီးတို့ ပြောင်းရွှေ့ကြေး ပေါင် (၁၁၅) သန်းအထိ ပေးပြီး ခေါ်ယူခဲ့ရတဲ့ ကစားသမားပါ။
ဒါပေမယ့်လည်း ဝက်စ်ဟမ်းနဲ့ပွဲမှာ ကိုင်စီဒိုတစ်ယောက် သူ့ကြောင့် ပင်နယ်တီပေးခဲ့ရသလို အခုပွဲမှာလည်း သူ့အမှားကြောင့်ပဲ တစ်လုံးတည်းသော အနိုင်ဂိုးကို ပေးပြီး ရှုံးနိမ့်ခဲ့ရပါတယ်။ ကိုင်စီဒိုရဲ့ ခြေစွမ်းကတော့ ချဲလ်ဆီးပရိသတ်တွေအတွက် လုံးဝကို စိတ်ပျက်စရာဖြစ်နေဆဲပါ။
ဒါ့အပြင် မူဒရစ်ခ်ကလည်း ဒီပွဲမှာ အီလန်ဂါရဲ့ ကျော်ဖြတ်ခြင်းကို ခံလိုက်ရသေးပြီး ခံစစ်အထိ ဆင်းကူရင်း အီလန်ဂါ အရှက်ခွဲတာကို ခံလိုက်ရတယ်လို့ ပရိသတ်တွေက လှောင်ပြောင်နေကြပါတယ်။ မူဒရစ်ခ်ဟာ ဒီပွဲမှာ မလိုအပ်တဲ့ ကန်ချက်တွေနဲ့အတူ အခွင့်အရေးတွေကို ဖြုန်းတီးပစ်ခဲ့ပါသေးတယ်။
မူဒရစ်ခ်ကလည်း ပြီးခဲ့တဲ့ရာသီမှာ ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၀၀) နဲ့ ခေါ်ယူထားတဲ့ ကစားသမားဖြစ်ပြီး ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းကို မပြသနိုင်သေးပါဘူး။ အခု နော်တင်ဟမ်ဖောရက်စ်နဲ့ရှုံးပွဲကတော့ ချဲလ်ဆီးပရိသတ်တွေအတွက် အထိနာခဲ့တဲ့အပြင် ဈေးကြီးပေးခေါ်ထားတဲ့ ကစားသမားတွေပါ အရှက်ကွဲအကျိုးနည်းခဲ့ရတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။