အဲဗာတန်နဲ့ပွဲအပြီးမှာ ဖြစ်ပွားခဲ့တာပါ။

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုတယောက် မနေ့ညက အဲဗာတန်နဲ့ပွဲအပြီးမှာ ပရိသတ်တယောက်ရဲ့ ဖုန်းကို ရိုက်ချသွားတဲ့ ကိစ္စနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ မာဆေးဆိုက်ဒ်ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်က အဲဗာတန်ကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲစုံ သုံးပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့တာပါ။



ဒီပွဲအပြီး မြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းတွေကတော့ ယူနိုက်တက်ပရိသတ်တွေအတွက် စိတ်ချမ်းသာစရာမရှိခဲ့ပါဘူး။ ရော်နယ်ဒိုရဲ့ခြေထောက်မှာ သွေးထွက်သံယိုဒဏ်ရာတခုကို မြင်တွေ့ခဲ့ရသလို အဝတ်လဲခန်းထဲသွားရာ ဥမင်လှိုဏ်ခေါင်းထဲအဝင်မှာလည်း ရော်နယ်ဒိုက အငြင်းပွားစရာ လုပ်ရပ်တခုကို ကျူးလွန်ခဲ့ပါတယ်။

ဒါကတော့ အဲဗာတန်ပရိသတ်တယောက်ရဲ့ ဖုန်းကို ရော်နယ်ဒိုက ရိုက်ချသွားခဲ့တာဖြစ်ပြီး ဒီအပေါ်မှာ ချက်ချင်းဆိုသလို ဝေဖန်မှုတွေ ပြင်းထန်ခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ သူ့ရဲ့ အင်စတာဂရမ်ကတဆင့် ဒီဖြစ်ရပ်ကို တောင်းပန်စကားပြောကြားခဲ့ပြီး နစ်နာသူ ပရိသတ်ကိုလည်း အိုးထရက်ဖို့ဒ်မှာ ဘောလုံးပွဲလာကြည့်ဖို့ ပြန်လည်ဖိတ်ကြားခဲ့ပါတယ်။

ကျူးလွန်ခံရတဲ့ ပရိသတ်ရဲ့မိခင်ဖြစ်သူကတော့ ရော်နယ်ဒိုရဲ့လုပ်ရပ်ကို ဝေဖန်ခဲ့ပြီး တရားဥပဒေဘက်ကလည်း ရော်နယ်ဒိုရဲ့ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ မာဆေးဆိုက်ဒ်ရဲတပ်ဖွဲ့က “ ကျနော်တို့အနေနဲ့ ဂွတ်ဒ်ဆင့်ပါ့ခ်မှာ ကစားခဲ့တဲ့ အဲဗာတန်နဲ့ယူနိုက်တက်ပွဲအပြီး ကစားသမားတွေ ကွင်းထဲကထွက်လာချိန်မှာ ဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်”

“ဒါ့အပြင် ပါဝင်ပတ်သက်တဲ့သူအားလုံးနဲ့လည်း စကားပြောဆို ဆွေးနွေးမှုတွေပြုလုပ်သွားမှာပါ” လို့ တွစ်တာပေါ်မှာ အတည်ပြုရေးသားခဲ့ပါတယ်။ ရော်နယ်ဒိုအတွက်ကတော့ အသင်းရှုံးတဲ့အပြင် ပွဲပြီးဖြစ်ရပ်တွေကြောင့်ပါ ပိုပြီးစိတ်ပျက်စရာဖြစ်ခဲ့ရတယ်လို့ပဲဆိုရမှာပါ။ 

Share

Loading Next Article...
က္က