၂ ဂိုးပြတ်ဦးဆောင်နေပြီးမှ ၂-၂ ဖြစ်သွားခဲ့တာပါ။

ဗီလာကို နှစ်ဂိုးပြတ်နဲ့ဦးဆောင်နေခဲ့ပြီးမှ နောက်ဆုံး ၁၃ မိနစ်အတွင်း ချေပဂိုးတွေပြန်ပေးခဲ့ရကာ သရေနဲ့လှည့်ပြန်ခဲ့ရတဲ့အပေါ် ယူနိုက်တက်နည်းပြရန်းဂ်နစ်ခ်က ကြေကွဲနေပါတယ်။ ဘရူနိုဖာနန်ဒက်စ်ရဲ့ဂိုးတွေနဲ့ ဦးဆောင်နေခဲ့တဲ့ ယူနိုက်တက်ဟာ ၇၇ မိနစ်နဲ့ ၈၄မိနစ်မှာ ချေပဂိုးတွေပြန်ပေးခဲ့ရပြီး အဝေးကွင်းကနေ သရေတမှတ်သာရယူနိုင်ခဲ့ပြီး နိုင်ပွဲပျောက်ခဲ့တာဖြစ်ပါတယ်။ 

ပွဲရလဒ်နဲ့ပတ်သက်ပြီး ရန်းဂ်နစ်ခ်က ရှုံးနိမ့်သလိုတောင် ခံစားခဲ့ရတယ်လို့ ညည်းတွားပြောဆိုခဲ့တာဖြစ်ပါတယ်။ ရန်းဂ်နစ်ခ်လက်ထက် အကောင်းဆုံးခြေစွမ်းကို မြင်တွေ့ခဲ့ရတယ်လို့ ယူဆရလောက်တဲ့ပုံစံကို ယူနိုက်တက်က ပြသနိုင်ခဲ့ပြီး ပွဲကစားချိန် ၇၆ မိနစ်အထိ ၂-၀ နဲ့ ဦးဆောင်ခဲ့ကာ နိုင်ပွဲရပြီလို့ အားလုံးကထင်မှတ်နေချိန်မှာပဲ ကော်တင်ဟိုရဲ့ ဖန်တီးမှုနဲ့ သွင်းဂိုးကြောင့် သရေကျခဲ့တာဖြစ်ပါတယ်။ 

"၉၅ မိနစ်ကစားပြီးချိန် အပြုသဘောဆောင်တာ ဘာတွေရှိလဲလို့ ရှာဖို့က တော်တော်လေးခက်ခဲပါတယ်၊ လက်ရှိကတော့အရမ်းစိတ်ပျက်နေပါတယ်၊ ဒါပေမယ့် ကျနော်ရောက်လာပြီးနောက် အကောင်းဆုံးပွဲတပွဲလို့ခံစားခဲ့ရပြီး ပထမပိုင်းမိနစ် ၃၀ လောက် ကျနော်တို့ လွှမ်းမိုးထားနိုင်ခဲ့ပြီး အရာအားလုံးက ကျနော်တို့ထိန်းချုပ်မှုအောက်မှာပါ၊ ခြေလှမ်းတလှမ်း ရှေ့ကိုလှမ်းနိုင်ခဲ့ပေမယ့် ပိုကောင်းဖို့ဆိုရင် လုပ်စရာနည်းနည်းရှိနေပါသေးတယ်"

"ရှုံးနိမ့်သွားသလိုမျိုး ကျနော်ခံစားရတယ်၊ ပွင့်ပွင့်လင်းလင်းပြောတာပါ၊ ရှေ့ကို တလှမ်းလှမ်းနိုင်ခဲ့တာကို ပြသနိုင်ခဲ့ပေမယ့်လည်း အဓိကကတော့ ရလဒ်ပါပဲ၊ အဝေးကွင်းမှာ နှစ်မှတ်ပျောက်ရှသွားတယ်လို့ ကျနော်ခံစားရပါတယ်" လို့ ရန်းဂ်နစ်ခ်က ပွဲပြီးအင်တာဗျူးမှာ မချိတင်ကဲပြောဆိုသွားခဲ့ပါတယ်။ ဒီပွဲအနိုင်မရခဲ့လို့ ယူနိုက်တက်ဟာ အဆင့် ၄ နေရာအတွင်း ဝင်နိုင်ဖို့မျှော်လင့်ချက်က ပိုပိုပြိးဝေဝါးလာခဲ့ပါတယ်။ 


လက်ရှိမှာ အဆင့် ၄ နေရာက ဝက်စ်ဟမ်းထက် တပွဲလျော့နေပေမယ့်လည်း ရမှတ်အားဖြင့် ၅ မှတ်အထိကွာဟနေကာ တော်တော်လေးလိုက်ရမယ့်အနေအထားမှာဖြစ်နေခဲ့ပါပြီ။ 

Share

Loading Next Article...
က္က