ယူနိုက်တက်ဂိုးသမား အိုနာနာဟာ မနေ့ညက ဘိုင်ယန်မြူးနစ်ကို ၄-၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲအတွက် သူ့မှာသာ တာဝန်ရှိကြောင်း ပြောကြားသွားခဲ့ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ အိုနာနာရဲ့ အမှားကတစ်ဆင့် ဂိုးပေးခဲ့ရသေးတာပါ။
ပထမပိုင်းမှာတင် ယူနိုက်တက်တို့ နှစ်ဂိုးအထိ ပေးခဲ့ရပြီး ဒီဂိုးတွေကို ဆာနေး၊ နာဘရီတို့က သွင်းယူပေးခဲ့ပါတယ်။ ဆာနေးရဲ့ဂိုးမှာဆိုရင် ဆာနေးရဲ့ ကန်ချက်က တိကျမှုမရှိ၊ ပြင်းထန်မှုမပါခဲ့ပေမယ့် လွယ်လင့်တကူပဲ ဂိုးပေးလိုက်ရတာဖြစ်ပါတယ်။
အဲ့ဒါကြောင့်လည်း ပွဲအပြီးမှာတော့ အိုနာနာရဲ့ စွမ်းဆောင်ရည်အပေါ် ဝေဖန်မှုတွေက ပိုမို ပြင်းထန်လာခဲ့ပါတယ်။ အိုနာနာဟာ ယူနိုက်တက် ကစားသမားဘဝ ပထမဆုံး ပရီးမီးယားလိဂ်ပွဲမှာသာ Clean Sheet ရယူနိုင်ခဲ့ပြီး ကျန်တဲ့ပွဲတိုင်းမှာတော့ ဂိုးပေးခဲ့ရသလို ယူနိုက်တက်ကလည်း အခုချိန်မှာ ပြိုင်ပွဲစုံ (၃) ပွဲဆက် အရှုံးနဲ့ ရင်ဆိုင်လိုက်ရပါတယ်။
ပွဲအပြီးမှာတော့ အိုနာနာက “ကျွန်တော် အမှားကျူးလွန်မိပြီးနောက်ပိုင်းမှာ အသင်းက ပွဲကို ထိန်းချုပ်နိုင်စွမ်း ပျောက်သွားပါတယ်။ အသင်းကို ဆွဲချမိခဲ့တာ ကျွန်တော်ပါ။ အသင်းက ပုံစံကောင်းပြနေပြီး အနိုင်မရခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော့်ကြောင့်ပါ။ ဒီကနေ ကျွန်တော် သင်ယူရမှာပါ”
“ယူနိုက်တက်မှာ ကျွန်တော့်ရဲ့ ကစားသမားဘဝ အစက မကောင်းပါဘူး။ ဒီနေ့ကတော့ ကျွန်တော့်အတွက် အဆိုးရွားဆုံးပွဲတွေထဲက တစ်ပွဲပါ။ ဒီပွဲမှာ ကျွန်တော်တို့ ဖိအားတွေကနေ အကောင်းဆုံးပြန်လာနိုင်ဖို့ ကြီးမားတဲ့ အခွင့်အရေးဖြစ်ခဲ့တာပါ။ ဒါပေမယ့် ခက်ခဲကြမ်းတမ်းခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။