အယ်လ် နက်ဆာနည်းပြ ရူဒီ ဂါစီယာက ဆော်ဒီ စူပါဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ အယ်လ် အစ်တီဟတ်အသင်းရဲ့ ၃-၁ နဲ့ အနိုင်ယူခြင်းကို ခံခဲ့ရပြီးနောက် ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ပြစ်တင်ပြောဆိုမှုအချို့ ပြုလုပ်ခဲ့ပါတယ်။
ရိုမာရင်ဟိုက ပထမပိုင်း ၁၅ မိနစ်မှာပဲ အယ်လ် အစ်တီဟတ်အတွက် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပြီး မော်ရိုကို တိုက်စစ်မှူး အက်ဘ်ဒါရာဇတ် ဟန်ဒါးလာလ်က ပထမပိုင်းမပြီးခင်မှာပဲ နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ အန်ဒါဆန် တာလစ်စ်ကာက ဒုတိယပိုင်း ၆၇ မိနစ်မှာ အယ်လ် နက်ဆာအတွက် ချေပဂိုး တစ်ဂိုးကို ပြန်လည်သွင်းယူပေးခဲ့ပေမယ့်လည်း အယ်လ် ရှန်ကီးတီက နာကျင်အချိန်ပိုမှာ နူနို ဆန်တိုရဲ့ အသင်းအတွက် အနိုင်သေချာစေမယ့် တတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဟန်ဒါးလာလ်ရဲ့ ဒုတိယမြောက် ဦးဆောင်ဂိုး သွင်းယူပြီးနောက် မိနစ်အနည်းငယ်အကြာမှာ ချေပဂိုး သွင်းယူနိုင်ဖို့အတွက် ကြီးမားတဲ့ အခွင့်အရေးတစ်ခုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ဖြတ်တင်ပေးပို့မှုကနေတဆင့် ဘောလုံးက ရော်နယ်လ်ဒိုဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ဘလွန်ဒေါ ၅ ဆုရှင်ဟာ အယ်လ် နက်ဆာအသင်းအတွက် ပထမဆုံးသော သွင်းဂိုးကို သွင်းယူပေးနိုင်တော့မယ့်ပုံ ပေါ်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ရော်နယ်လ်ဒိုရဲ့ ခေါင်းတိုက်ချက်ဟာ အယ်လ် အစ်တီဟတ်ဂိုးသမား မာဆယ်လို ဂရိုဟီဆီကို တန်းတန်းမတ်မတ် ရောက်ရှိသွားခဲ့တာဖြစ်ပြီး ကောင်းမွန်တဲ့ ကာကွယ်မှုကို ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အယ်လ် အစ်တီဟတ်ဟာ အယ်လ်နက်ဆာ ခံစစ်ကို ချိုးဖောက်နိုင်ခဲ့ပေမယ့်လည်း ၎င်းတို့ရဲ့ တန်ပြန်တိုက်စစ်ဟာ တားဆီးခြင်းခံခဲ့ရပြီး ဘောလုံးက ဘယ်တောင်ပံမှာ ရှိနေတဲ့ ရော်နယ်လ်ဒိုဆီကို ရောက်ရှိသွားခဲ့ပေမယ့်လည်း အသက် ၃၇ နှစ်အရွယ်တိုက်စစ်မှူးဟာ ဘောလုံးပိုင်ဆိုင်မှု ဆုံးရှုံးခဲ့ပြီး ဟန်ဒါးလာလ်က ရိုမာရင်ဟိုရဲ့ ပေးပို့မှုကနေ ဒုတိယမြောက်ဂိုးကို ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာ အယ်လ် နက်ဆာ နည်းပြ ရူဒီ ဂါစီယာက ပွဲစဉ်အတွင်းမှာ အလှည့်အပြောင်းဖြစ်နိုင်ခဲ့တဲ့ အခွင့်အရေးတွေကို ဖြုန်းတီးခဲ့ ရော်နယ်လ်ဒိုကို ပြစ်တင်ဝေဖန်သွားခဲ့တာ ဖြစ်ပါတယ်။ "ပွဲစဉ်တစ်ခုလုံးကို ပြောင်းလဲစေခဲ့တဲ့ အရာတွေထဲက တစ်ခုက ပထမပိုင်းမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အခွင့်အရေး လွဲချော်မှုပါ။ ကျွန်တော် အယ်လ် အစ်တီဟတ်ကို ဂုဏ်ပြုပါတယ်။ သူတို့တွေ ပထမပိုင်းမှာ ကျွန်တော်တို့ထက် အများကြီးပိုကောင်းတယ်ဆိုတာကို ပြသနိုင်ခဲ့ပြီး ကျွန်တော်တို့ ဒုတိယပိုင်းမှာ ကစားပုံကောင်းခဲ့ပေမယ့် ကံဆိုးစွာနဲ့ပဲ ရလဒ်ကို မပြင်ဆင်နိုင်ခဲ့ပါဘူး"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။