မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ စပါးနဲ့ နယူးကာဆယ်တို့ အသီးသီး ရှုံးပွဲကြုံတွေ့ခဲ့ကြောင်း သိရှိရပါတယ်။ စပါးက လန်ဒန်ဒါဘီပွဲစဉ်အဖြစ် ဝက်စ်ဟမ်းနဲ့ ရင်ဆိုင်ကစားခဲ့ရတာပါ။
ရိုမဲရိုးရဲ့ ဂိုးနဲ့ စပါးတို့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ဘိုဝင်၊ ဝက်ဒ်ပရော့စ်တို့ရဲ့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရတာကြောင့် အခုလိုပဲ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ စပါးအတွက်တော့ ဒါက (၅) ပွဲဆက်နိုင်ပွဲပျောက်ဆုံးခဲ့တာလည်း ဖြစ်ပါတယ်။
ရာသီအဖွင့်မှာ ရာနှုန်းပြည့်နိုင်ပွဲတွေနဲ့အတူ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပေမယ့် အခုချိန်မှာတော့ စပါးတို့ တော်တော်လေး အခြေအနေဆိုးနေခဲ့ပြီး နိုင်ပွဲရဖို့ တော်တော်လေး ရုန်းကန်နေရတာပါ။ ဝက်စ်ဟမ်းကတော့ ခြေစွာနေဆဲဖြစ်ပြီး လန်ဒန်မြို့ခံပြိုင်ဘက်ကို အဝေးကွင်းမှာ အနိုင်ယူခဲ့တာပါ။
အဲဗာတန်နဲ့ နယူးကာဆယ်ပွဲမှာတော့ အိမ်ရှင်အဲဗာတန်က နယူးကာဆယ်ကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဆက်တိုက် ခြေစွာနေတဲ့ နယူးကာဆယ်ကတော့ သူတို့ထက် အင်အားနည်းပါးတဲ့ အဲဗာတန်ကို အဝေးကွင်းမှာ မထင်မှတ်ဘဲ အရေးနိမ့်ခဲ့တာပါ။
အဲဗာတန်ကတော့ (၁၀) မှတ်အလျော့ခံရပြီး ကစားခဲ့တဲ့ ပွဲစဉ် (၃) ပွဲမှာ (၂) ပွဲအထိ အနိုင်ရရှိခဲ့ပြီး အကောင်းဆုံး ပြန်လာနိုင်ဖို့ ကြိုးစားလျက်ရှိပါတယ်။ နယူးကာဆယ်ကတော့ ဒီရှုံးပွဲကြောင့် အဆင့်ကျသွားခဲ့ပြီး ယူနိုက်တက်၊ စပါးတို့ရဲ့ အောက်မှာ ရပ်တည်လျက်ရှိပါတယ်။