လေဗာကူဆင်တို့ တကယ့်ဖိုင်နယ််ကျမှ အသည်းကွဲခဲ့ရတာပါ။

မနေ့ညက ကစားခဲ့တဲ့ အတ္တလန်တာနဲ့ လေဗာကူဆင်တို့ရဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာတော့ အတ္တလန်တာက လွတ်ခ်မန်းရဲ့ ဟက်ထရစ်နဲ့အတူ သုံးဂိုးပြတ်နဲ့ အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ်။ လေဗာကူဆင်အတွက်တော့ ရှုံးပွဲမရှိ စံချိန်လည်း ရပ်တန့်၊ ဆုဖလားနဲ့ပါ လွဲချော်သွားခဲ့တာပါ။



ပထမပိုင်းမှာကတည်းက လွတ်ခ်မန်းက အတ္တလန်တာအတွက် နှစ်ဂိုးအထိ သွင်းယူပြီး လေဗာကူဆင်ကို ဦးဆောင်ကစားခဲ့တာဖြစ်ပါတယ်။ လေဗာကူဆင် ခံစစ်တန်းက ဒီပွဲမှာ လွတ်ခ်မန်းကို အရေးပါတဲ့ အခိုက်အတန့်တွေမှာ ဘယ်လိုမှ မထိန်းချုပ်နိုင်ခဲ့ဘဲ နေရာလွတ်တွေပေးခဲ့ပါတယ်။

ပထမဂိုးကို လွတ်ခ်မန်းက ဧရိယာအတွင်း ပိတ်သွင်းခဲ့သလို နောက်တစ်ဂိုးကိုလည်း လေဗာကူဆင်ကစားသမားတစ်ယောက်ကို လှလှပပလှည့်စားပြီး ဧရိယာအပြင်ကနေ ကန်သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်းမှာ အလွန်ဆိုက ချေပဂိုးရဖို့ ဘိုနီဖေ့စ်၊ ဟိုလ်ဇက်တို့နဲ့ တိုက်စစ်မြှင့်ခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး။

လေဗာကူဆင်က ဘောလုံး ကိုင်ထားတာပဲ​ရှိခဲ့ပြီး ထိရောက်တဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေ များများစားစား မပြုလုပ်နိုင်ခဲ့ပါဘူး။ အခွင့်အရေးရရှိမှုအပိုင်းမှာ နှစ်သင်းစလုံး ဆတူဖြစ်ခဲ့ပြီး အတ္တလန်တာက အခွင့်အရေးတွေကို အပိုင်အသုံးချနိုင်ခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ လွတ်ခ်မန်းကပဲ သူ့အတွက်လည်း ဟက်ထရစ်ဖြစ်စေမယ့် ပွဲသိမ်းဂိုးကို သွင်းယူကာ လေဗာကူဆင်တို့ ယူရိုပါလိဂ်ဖိုင်နယ်မှာ အသည်းကွဲခဲ့ရပါတယ်။ အတ္တလန်တာအတွက်တော့ နှစ်ပေါင်း (၆၁) နှစ်ကြာမှ အဓိကဆုဖလားတစ်လုံးကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး လေဗာကူဆင်ရဲ့ (၅၁) ပွဲဆက် ရှုံးပွဲမရှိစံချိန်လည်း ရပ်တန့်သွားခဲ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က