ဝက်စ်ဟမ်းကို သရေကန်ပြီး နောက်တစ်ဆင့် တက်ခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ လေဗာကူဆင်တို့ရဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်က တစ်ဖက်တစ်ဂိုးစီ သရေနဲ့ ပြီးဆုံးခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း လေဗာကူဆင်က နှစ်ကျော့ပေါင်းရလဒ် ၃-၁ ဂိုးနဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့ပါတယ်။



ဒီပွဲမှာ ဦးဆောင်ဂိုးအရင်ရရှိခဲ့တာက ဝက်စ်ဟမ်းဖြစ်ခဲ့ပါတယ်။ ဝက်စ်ဟမ်းက ပွဲကစားချိန် (၁၃) မိနစ်ကတည်းက တိုက်စစ်မှူး အန်တိုနီယိုရဲ့ သွင်းဂိုးနဲ့ ပွဲကို တောက်လျှောက် ဦးဆောင်ခဲ့တာပါ။ ဒါပေမယ့် ပထမအကျော့က ရလဒ်ကို အမီလိုက်ဖို့ဆိုရင် နောက်ထပ်တစ်ဂိုး လိုအပ်ခဲ့ပါတယ်။

ဒီသွင်းဂိုးကိုလည်း ရအောင် မသွင်းနိုင်ခဲ့တဲ့အပြင် ဝက်စ်ဟမ်းတို့ ပွဲကစားချိန် (၈၉) မိနစ်မှာ လေဗာကူဆင်ကြယ်ပွင့် ဖရင်မ်ပေါင်ရဲ့ ချေပဂိုးကို ခွင့်ပြုလိုက်ရတာကြောင့် အိမ်ကွင်းမှာ သရေကျခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ်အဆင့်ကနေ ထွက်ခွာခဲ့ရပါတယ်။

တစ်ဖက်မှာတော့ လေဗာကူဆင်က သူတို့ရဲ့ ဒီရာသီ ပြိုင်ပွဲစုံမှာ ရှုံးပွဲမရှိသေးတဲ့ စံချိန်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ လေဗာကူဆင်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကမှ ဘွန်ဒက်စ်လီဂါချန်ပီယံဆုကို ဆွတ်ခူးရရှိထားပြီးဖြစ်ပါတယ်။

ဒီရာသီမှာ လေဗာကူဆင်တို့ ဘွန်ဒက်စ်လီဂါ၊ ဂျာမန်ပိုကယ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲစုံမှာ တစ်ပွဲမှ မရှုံးထားသေးပါဘူး။ မနေ့ညက ဝက်စ်ဟမ်းနဲ့ပွဲမှာလည်း နောက်ကျချေပဂိုးကြောင့် သရေရရှိခဲ့ပြီး ယူရိုပါလိဂ်ဆိုရင် နောက်ကျဂိုးတွေနဲ့ ကံကောင်းနေကျ လေဗာကူဆင်တို့ သူတို့ရဲ့ ရှုံးပွဲမရှိ စံချိန်ကို ဆက်လက် ထိန်းသိမ်းသွားနိုင်ခဲ့ပါတယ်။

Share

Loading Next Article...
က္က