လေဗာကူဆင်ဟာ မနေ့ညက ကစားခဲ့တဲ့ ဒက်ဆယ်ဒေါ့ဖ်နဲ့ ဂျာမန်ပိုကယ်ဖလားပွဲမှာ လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ကစားခဲ့ရတဲ့ ဒီပွဲမှာ လေဗာကူဆင်တို့ ခြေအသာ၊ ဂိုးအသာနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ဗိုလ်လုပွဲအဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။
လေဗာကူဆင်အတွက် ဂိုးတွေကိုတော့ ဖရင်ပေါင်၊ အက်ဒ်လီနဲ့ ဖလော်ရီယန်ဝစ်ဇ်တို့က နှစ်ဂိုးသွင်းယူပေးနိုင်ခဲ့တာပါ။ ပထမပိုင်း (၃၅) မိနစ်ရောက်တဲ့အချိန်မှာတင် လေဗာကူဆင်တို့ သုံးဂိုးပြတ်အနိုင်ရလဒ်နဲ့ ပွဲကို ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပြီး လက်ကျန်ပွဲကစားချိန်တွေကို သက်သောင့်သက်သာ ကစားနိုင်ခဲ့ပါတယ်။
ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တဲ့ လေဗာကူဆင်ဟာ ဘွန်ဒက်စ်လီဂါ - ၂ အသင်းတစ်သင်းပဲဖြစ်တဲ့ ကိုင်ဇာစလော့တန်နဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပြီး ဂျာမန်ပိုကယ်ဖလားကို ဆွတ်ခူးနိုင်ဖို့ ရေပန်းစားနေပါတယ်။ လေဗာကူဆင်ဟာ ဒီရာသီ ပြိုင်ပွဲစုံရဲ့ ဖလားသုံးလုံး လမ်းကြောင်းပေါ်မှာ ရှိနေတဲ့ အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။
ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားမှာ ဘိုင်ယန်မြူးနစ်ကို အမှတ်ဖြတ် ဦးဆောင်ထားသလို ယူရိုပါလိဂ်မှာလည်း ကွာတားဖိုင်နယ်အဆင့်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ဒါ့အပြင် လေဗာကူဆင်က ဒီရာသီ ပြိုင်ပွဲစုံမှာ ရှုံးပွဲလုံးဝမရှိသေးတဲ့ တစ်သင်းတည်းသော အသင်းအဖြစ် ရပ်တည်နေတာပါ။
လက်ရှိအနေအထားအရတော့ လေဗာကူဆင်အတွက် ပြည်တွင်းဖလားနှစ်လုံးဖြစ်တဲ့ ဘွန်ဒက်စ်လီဂါ၊ ဂျာမန်ပိုကယ်ဖလားတို့က ရာခိုင်နှုန်းတစ်ခုအထိ သေချာသွားပြီလို့ ပြောနိုင်ပါတယ်။ ယူရိုပါလိဂ်မှာလည်း လီဗာပူးလို အသင်းမျိုး ကျန်ရှိနေတာကြောင့်သာ လေဗာကူဆင်အတွက် အခက်တွေ့နိုင်ပြီး ဒါကို ကျော်လွှားနိုင်ဖို့လည်း လေဗာကူဆင်ပရိသတ်တွေက မျှော်လင့်နေပါတယ်။