လီဗာပူးနည်းပြ ကလော့ပ်က လက်ရှိ ဥရောပဘောလုံးလောကမှာ ပုံစံကောင်းပြသနေတဲ့ နာပိုလီဟာ လက်ရှိခြေစွမ်းအတိုင်းကို ဆက်လက်ထိန်းသိမ်းသွားမယ်ဆိုရင် ချန်ပီယံလိဂ်မှာ ဗိုလ်လုပွဲအထိ ရောက်နိုင်ကြောင်းနဲ့ သူတို့ဟာ လီဗာပူးရဲ့ ဟန်ပန်ကို ကူးချခဲ့တာမျိုးမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။
နာပိုလီဟာ ဒီရာသီ စီးရီးအေမှာရော၊ ချန်ပီယံလိဂ်မှာပါ ပုံစံကောင်းပြသနေပြီး ရှုံးပွဲမရှိသေးတဲ့ အသင်းတသင်းပါ။ ဒါ့အပြင် အုပ်စုတွင်းမှာလည်း ရာနှုန်းပြည့်နိုင်ပွဲရရှိထားပြီး လီဗာပူးကိုလည်း ပထမအကျော့ အိမ်ကွင်းမှာ ၄-၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရရှိထားပါတယ်။
နာပိုလီကို လီဗာပူးတို့ ဒီကနေ့ည အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပြီး ဒီပွဲမတိုင်ခင် ကလော့ပ်က “လိဒ်စ်နဲ့ပွဲအပြီးမှာ တော်တော်လေး လျင်မြန်တဲ့ အလှည့်အပြောင်းဖြစ်ခဲ့ပါတယ်။ ကစားသမားတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ ကျနော် အပြည့်အဝ မသုံးသပ်နိုင်ပါဘူး။ နာပိုလီနဲ့ပွဲက စွန့်စားရမယ့်ပွဲလည်း မဟုတ်ပါဘူး။ သူတို့က အံ့အားသင့်ဖွယ်အနေအထားနဲ့ လက်ရှိ ဥရောပမှာ ပုံစံအကောင်းဆုံး အသင်းတသင်းတောင် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”
“ဒီပွဲမှာ ကစားသမားတွေကို အလှည့်အပြောင်းလုပ်ဖို့က မဖြစ်နိုင်ပါဘူး။ ကျနော်တို့ အနိုင်ရချင်ပါတယ်။ ဒါပေမယ့်လည်း အခု အခိုက်အတန့်မှာ ရလဒ်ကလည်း တကယ် အရေးမကြီးတော့ပါဘူး။ နာပိုလီသာ ဒီတိုင်းဆက်ကစားနေမယ်ဆိုရင် သူတို့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရောက်နိုင်ပါတယ်။ သူတို့က လက်ရှိဥရောပမှာ ပုံစံကောင်းပြနေပါတယ်”
“နာပိုလီက ကျနော်တို့ရဲ့ ဟန်ပန်ကို ကူးချခဲ့တယ်တဲ့လား? မဟုတ်ပါဘူး။ သူတို့နည်းပြ စပယ်လက်တီက အရမ်းကို အတွေ့အကြုံရှိပြီး သူ့ရဲ့ အတွေ့အကြုံနဲ့ ကောင်းမွန်တဲ့ခေါ်ယူမှုအချို့ကို ပေါင်းစပ်လိုက်ချိန်မှာ သူတို့က တကယ်ကို ထူးချွန်ကောင်းမွန်တဲ့ အဆင့်တခုကို တက်ရောက်သွားခဲ့တာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ နာပိုလီရော၊ လီဗာပူးက ချန်ပီယံလိဂ်မှာ ရှုံးထွက်အဆင့်ကို ရောက်ရှိပြီးသားဖြစ်ပြီး နာပိုလီက ဒီပွဲမှာ သရေတမှတ်ရရုံနဲ့ အုပ်စုဗိုလ်နေရာရရှိမှာပါ။