အာဂျင်တီးနားနဲ့ ကစားရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ မက်ဆီနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်နေရတယ်လို့ ဘရာဇီးလ်နည်းပြဖာနန်ဒိုဒီနစ်ဇ်က ဝန်ခံလိုက်ပါတယ်။ တောင်အမေရိကထိပ်သီးနှစ်သင်းဟာ မနက်ဖြန်မှာ ကစားကြရတော့မှာဖြစ်ပြီး လက်ရှိမှာ ခြေစွမ်းရော၊ ရလဒ်ပါ ဆိုးရွားနေသလို အဓိကကစားသမားတွေလည်း မပါဝင်
နိုင်တဲ့ ဘရာဇီးလ်အတွက် စိုးရိမ်စရာကောင်းတဲ့ ပွဲဖြစ်ပါတယ်။
အာဂျင်တီးနားကလည်း ပြီးခဲ့တဲ့ပွဲမှာ ဥရုဂွေးကို အရေးနိမ့်ခဲ့လို့ ပြန်ရုန်းထွက်ပြရမှာဖြစ်ပါတယ်။ ဘရာဇီးလ်ဟာ ဗင်နီရှပ်ကိုလည်း လက်လွှတ်လိုက်ရပြီဖြစ်လို့ တိုက်စစ်ပိုင်းပြသနာ အခက်ကြုံနေရပြီး ခံစစ်ကလည်း ဆက်တိုက်ဂိုးပေးထားရကာ မက်ဆီဦးဆောင်လာမယ့် အာဂျင်တီးနားတိုက်စစ်ကို ခက်ခက်ခဲခဲထိန်းသိမ်းရဖွယ်ရှိနေပါတယ်။
ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဒီနစ်ဇ်က “သေချာပါတယ်၊ မက်ဆီလို ကစားသမားအတွက် စိတ်မပူနဲ့ နေလို့မရပါဘူး၊ ဒါပေမယ့် သူ့မှာရှိတဲ့ ဖန်တီးမှုစွမ်းရ့ည်တွေအားလုံးကို ထိန်းချုပ်နိုင်အောင် ကျနော်တို့အားလုံး ကစားရမှာပါ၊ ကြိုးစားရမှာပါ၊ မက်ဆီနဲ့ ရင်ဆိုင်ရတာက ကွဲပြားတယ်ဆိုတာ ထင်ရှားပါတယ်”
“စိတ်ပူစရာရှိပါတယ်၊ သူ့လိုကျော်ကြားတဲ့ ကစားသမား၊ ပြီးတော့ ဆုံးဖြတ်ချက်ချနိုင်စွမ်းပါဝါ မြင့်မားတဲ့ ကစားသမားနဲ့ပတ်သက်ပြီးတော့ စိတ်ပူနေရပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ အာဂျင်တီးနားဟာ လက်ရှိမှာ ဇယားထိပ်ဆုံးမှ ရပ်တည်နေပြီး ဘရာဇီးလ်ကတော့ အဆင့် ၆ နေရာအထိ ရောက်ရှိနေပါတယ်။