ဒါက အလေ့အထတခုလိုတောင်မှ ဖြစ်လို့လာနေပါပြီ။

နယူးကာဆယ်ယူနိုက်တက်ကို အဝေးကွင်းမှာ ၂-၀ နဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ ဘရူနိုဖာနန်ဒက်စ်က သူ့အသင်းဖော်တွေကို ဒေါသတကြီးနဲ့ အော်ဟစ်ပြောဆိုမှုတွေ လုပ်ခဲ့ရပါတယ်။ အကြောင်းကတော့ ကစားသမားတချို့ဟာ အသင်းပရိသတ်တွေကို မနှုတ်ဆက်ဘဲ အဝတ်လဲခန်းထဲ တန်းသွားဖို့ ပြင်ဆင်နေတာဖြစ်လို့ ဘရူနိုက လှမ်းခေါ်ကာ ပရိသတ်တွေကို နှုတ်ဆက်သွားဖို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ 

ယူနိုက်တက်ကတော့ ဒီပွဲမှာ ဆိုးရွားတဲ့ကစားပုံနဲ့အတူ အရေးနိမ့်ခဲ့ပြီး အဆင့် ၄ နေရာကို ပြန်ရောက်သွားခဲ့ကာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စိုးရိမ်နေရပြီဖြစ်ပါတယ်။ နည်းပြတန်ဟက်ဂျ်ကိုယ်တိုင်လည်း လူစားလဲခဲ့ရာမှာ အမှားအယွင်းတွေ ရှိနေခဲ့တယ်လို့ ဝေဖန်ခံနေရပြီး ဖရက်ဒ်ကို ပွဲစကတည်းက မထည့်သွင်းတဲ့အပေါ်မှာ ပရိသတ်တွေက မေးခွန်းထုတ်ခဲ့ပြီး ဝက်ဂ်ဟော့စ်ကို နေရာပေးနေဆဲဖြစ်တာကိုလည်း အံ့အားသင့်နေခဲ့ကြပါတယ်။ 

ပွဲအပြီးမှာ ဖာနန်ဒက်စ်က သူ့နောက်ကလိုက်ကာ ပရိသတ်တွေကို နှုတ်ဆက်ဖို့အတွက် အသင်းဖော်တွေကို အော်ဟစ်ပြောဆိုနေခဲ့ပါတယ်။ ဒိအချိန်မှာပဲ Sky Sports ရဲ့ ရိုက်ကူးမှုမှာ ဒါလော့နဲ့ အန်တိုနီတို့ကြား အချေအတင်စကားများနေတာတွေလည်း ပါဝင်လာခဲ့ပြီး သူတို့ကစားသမားတွေကြားမှာလည်း ရှုံးပွဲကြောင့် ပြသနာတွေတက်ခဲ့တယ်လို့ ယူဆရပါတယ်။ 

ပြီးခဲ့တဲ့ လီဗာပူးလ်ကို ဂိုးပြတ်အရေးနိမ့်ခဲ့တုန်းကလည်း ယူနိုက်တက်ကစားသမားတွေဟာ ပရိသတ်တွေကို နှုတ်မဆက်ဘဲ ကွင်းထဲက ထွက်ခဲ့ကြလို့ နောက်ခံလူဗာရန်းက နှုတ်ဆက်ဖို့အတွက် သတိပေးမှုတွေ လုပ်ခဲ့ရပါသေးတယ်။ အခုတကြိမ်လည်း အလားတူဖြစ်ပွားခဲ့ပြီး ယူနိုက်တက်တို့ ရှုံးပွဲတွေ့တိုင်း ပရိသတ်တွေကို နှုတ်ဆက်သွားဖို့ကို ကစားသမားတဦးဦးက ပြောဆိုနေရတာက အလေ့အထလိုတောင် ဖြစ်လာနေပါပြီ။ 

Share

Loading Next Article...
က္က