မန်စီးတီးကတော့ အိမ်ကွင်းမှာ နယူးကာဆယ်ကို သက်သောင့်သက်သာ အနိုင်ယူပြီး ချန်ပီယံဆုအတွက် ဒုတိယနေရာက လီဗာပူးကို (၃) မှတ်ဖြတ်လိုက်ပါပြီ။ လက်ကျန် (၃) ပွဲကစားဖို့သာ လိုတော့ချိန်မှာ မန်စီးတီးက မနေ့က လီဗာပူးရဲ့သရေပွဲကို အမိအရအသုံးချခဲ့တာဖြစ်ပါတယ်။
ဝေါ်လ်ကာ ဒဏ်ရာရနေတာကလွဲလို့ မန်စီးတီးက ဒီပွဲမှာ လူစုံတက်စုံ အသုံးပြုခဲ့ပါတယ်။ တိုက်စစ်မှာ ဂျေးဆု၊ ဂရီလစ်ရှ်၊ စတာလင်တို့ ပွဲထွက်ခဲ့ပြီး ကွင်းလယ်မှာ ဒီဘရိုင်း၊ ဂွန်ဒိုဂန်၊ ရိုဒရီတို့ ပွဲထွက်ခဲ့ပါတယ်။ နယူးကာဆယ်ကလည်း အမှတ်မလိုပေမယ့် အတောင့်တင်းဆုံး လူစာရင်းနဲ့ပဲ မန်စီးတီးကို အဝေးကွင်းမှာ တုံ့ပြန်ဖို့ ကြိုးစားခဲ့ပါတယ်။
ဒါပေမယ့် မန်စီးတီးကို ယှဥ်နိုင်ဖို့ဆိုတာက နယူးကာဆယ်အတွက် မိုးနဲ့မြေလိုဖြစ်ခဲ့ပြီး မန်စီးတီးကသာ ပွဲအစအဆုံး လွှမ်းမိုးခဲ့ပါတယ်။ ကြားရက်မှာ ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်က ထွက်ခဲ့ရတဲ့ မန်စီးတီးအတွက်လည်း ဒီပွဲက မဖြစ်မနေ အနိုင်ရဖို့ အရေးပါခဲ့ပါတယ်။ ပထမပိုင်းမှာတင်ပဲ မန်စီးတီးတို့ နှစ်ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။
ကန်ဆယ်လိုချပေးလိုက်တဲ့ ဘောလုံးကို စတာလင် ခေါင်းတိုက်ပိတ်သွင်းခဲ့ပြီး လာပေါ့တ်ကလည်း ပြိုင်ဘက်ဂိုးသမားဆီက ပြန်ထွက်လာတဲ့ ဘောလုံးကို ပြေးဝင်ကန်သွင်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာ မန်စီးတီးရဲ့ ဘောလုံးပိုင်ဆိုင်မှုက (၉၉) ရာခိုင်နှုန်းအထိ ရှိသွားခဲ့ပြီး နယူးကာဆယ် ဘယ်လိုမှ ပြန်မလှန်နိုင်ခဲ့ပါဘူး။
အဲ့ဒီနောက် ဒီဘရိုင်းရဲ့ ထောင့်ကန်ဘောကတဆင့် ရိုဒရီက တတိယဂိုးကို ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။ မန်စီးတီးရဲ့ဂိုးတွေက ဒီလောက်နဲ့မရပ်တန့်သွားဘဲ လူစားဝင်ကစားသမား ဖိုဒန်၊ စတာလင်တို့က ပွဲပြီးခါနီးမှာ ဂိုးတွေဆက်တိုက်သွင်းယူခဲ့တာကြောင့် မန်စီးတီးတို့ ပွဲအပြီးမှာ ငါးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် မန်စီးတီးတို့ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အခြေအနေကောင်းသွားခဲ့ပြီး လက်ကျန် (၃) ပွဲမှာ ဝုလ်ဗ်၊ ဝက်စ်ဟမ်း၊ အက်စတွန်ဗီလာတို့နဲ့ ရင်ဆိုင်ရမှာပါ။ ဒီပွဲတွေမှာသာ အမှားအယွင်းမရှိခဲ့ရင် ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုက မန်စီးတီးအတွက်ပဲ ဖြစ်သွားမှာပါ။