ပြိုင်ဘက်စွမ်းဆောင်ရည်ကို အသိအမှတ်ပြုဖို့ ငြင်းဆန်ခဲ့တာပါ။

လိဒ်ယူနိုက်တက်ကို အရေးနိမ့်ခဲ့တဲ့ပွဲအပြီးမှာတော့ ချယ်လ်ဆီးနည်းပြတူချယ်လ်က သူတို့နည်းပြဝန်ထမ်းတွေ ဘတ်စ်ကားနဲ့ သွားခဲ့ရတာကို အပြစ်တင်ပြောဆိုခဲ့သလို ပြိုင်ဘက်အသင်းစွမ်းဆောင်ရည်ကို အသိအမှတ်မပြုခဲ့ဘဲ သူတို့မှားယွင်းခဲ့လို့သာ ရှုံးနိမ့်ခဲ့တာသာဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး အငြင်းပွားဖွယ်ရာစကားလုံးတွေနဲ့ ရှုံးပွဲကို တုံ့ပြန်သွားခဲ့ပါတယ်။ 

ချယ်ယ်ဆီးဟာ အဝေးကွင်းမှာ ၃ ဂိုးပြတ်အရေးနိမ့်ခဲ့တာဖြစ်ပြီး လိဒ်ယူနိုက်တက်ရဲ့ ကစားဟန်ကို မတွန်းလှန်နိုင်ခဲ့ပါဘူး။ ဂိုးသမားမန်ဒီရဲ့ အံ့အားသင့်ဖွယ်ရာအမှားကနေ အဖွင့်ဂိုးပေးခဲ့ရပြီးနောက်မှာ နလန်မထူနိုင်အောင်ဖြစ်သွားခဲ့ရပြီး နောက်ထပ်သွင်းဂိုး ၂ဂိုး ခွင့်ပြုခဲ့ရကာ အဆိုပါသွင်းဂိုးအားလုံးက ပြိုင်ဘက်ကောင်းလို့မဟုတ်ဘဲ သူတို့ဘက်ကမှားလို့သာဖြစ်တယ်လို့ တူချယ်လ်က ပြောဆိုခဲ့ပါတယ်။ 

 "အကုန်လုံးက အမှားတွေချည်းဖြစ်ခဲ့တာဗျ၊ မနေ့ကစပြီးတော့ မှားတာပဲ၊ ကျနော်တို့ လေယာဉ်နဲ့မသွားခဲ့ရဘဲ ဘတ်စ်ကားနဲ့ သွားခဲ့ရတယ်၊ ကစားသမားတွေက လေယာဉ်နဲ့ သွားနိုင်ခဲ့ပေမယ့် နည်းပြဝန်ထမ်းတွေက ဘတ်စ်ကားပေါ်မှာ အကြာကြီးစီးနေခဲ့ရတယ်၊ ဒီနေ့မှာဆက်ပြီးတော့ မှားတယ်၊ ပထမပိုင်းမိနစ် ၂၀မှာကတည်းက ပွဲကရှုံးနေပြီ၊ အဲဒီနောက်မှာ ကျနော်တို့ သိသိသာသာကောင်းလာခဲ့ပြီး အခွင့်အရေးတွေရခဲ့ပေမယ့် လွဲချော်ခဲ့ပြီး ကိုယ်နဲ့ထိုက်တန်တဲ့အရာကို မယူနိုင်ခဲ့ဘူး၊ ၂-၀ ဆိုတဲ့အနေအထားကနေ ပြန်ပြောင်းနိုင်မယ့် အခွင့်အရေးတွေကို လုံလုံလောက်လောက်ဖန်တီးနိုင်ခဲ့တာပါ"

"ကျနော်တို့က ပိုပြီးကောင်းတဲ့အသင်းလည်းဖြစ်ခဲ့ပါတယ်၊ ပြီးတော့ လက်ဆောင် ၂ ဂိုးပေးခဲ့တယ်၊ ကိုယ့်ဂိုးကိုယ်သွင်းသလို (မန်ဒီရဲ့ဂိုးကိုရည်ရွယ်) ဖြစ်ခဲ့ပြီး စျေးပေါလွန်းအားကြီးတဲ့ တည်ကန်ဘောကနေလည်း ဂိုးပေးရပြန်တယ်၊ သူတို့တွေ အမှားတွေလုပ်ခဲ့ကြပါတယ်၊ ဘာ Pressing မှ မရှိသလို သူများအသင်းထက်လည်း ပြေးနှုန်းနည်းပါးခဲ့တယ်၊ လိဒ်ရဲ့ ကစားဟန်နဲ့ ဘာမှမဆိုင်ပါဘူး၊ ကျနော်တို့ရှုံးခဲ့တာ သူတို့ကစားဟန်နဲ့ ဆိုင်တယ်လို့ ကျနော်မမြင်မိဘူး၊ တခြားသူတွေကို အသိအမှတ်ပြုဖို့ထက် ကျနော်တို့အပြစ်က ပိုများနေခဲ့တာ" လို့ တူချယ်လ်က ပြောဆိုခဲ့ကြောင်း Daily Star က ဖော်ပြခဲ့ပါတယ်။ 

လိဒ်ယူနိုက်တက်ရဲ့ စွမ်းဆောင်ရည်ကြောင့်မဟုတ်ဘူးဆိုတဲ့ ပြောဆိုမှုကိုတော့ လိဒ်နည်းပြမာ့ရှ်က "သူ့မှာလည်း သူ့အမြင်ရှိမှာပါ၊ ဒါပေမယ့် ကျနော်တို့ကစားခဲ့တဲ့ပုံစံက တပွဲလုံးကို လွှမ်းမိုးနိုင်ခဲ့ပါတယ်၊ ဒါကြောင့်လည်း သူတို့အမှားလုပ်ခဲ့မိတာပါ" လို့ တုံ့ပြန်ပြောဆိုသွားခဲ့တယ်လို့လည်း အဆိုပါသတင်းဌာနက ထပ်မံရေးသားဖော်ပြခဲ့ပါတယ်။ 

Share

Loading Next Article...
က္က