ဘင်ဖီကာနဲ့ပွဲမတိုင်ခင်မှာ အယ်လီဂရီက ပြောကြားခဲ့တာပါ။

ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီက အသင်းအနေနဲ့ ချန်ပီယံလိဂ်မှာ အုပ်စု တတိယနေရာကို ရောက်ရှိနေပေမယ့် နောက်တဆင့် တက်ရောက်ဖို့ မျှော်လင့်ချက်ကို လက်မလျှော့သေးကြောင်း ပြောကြားခဲ့ပါတယ်။ ဂျူဗင်တပ်စ်ဟာ ဒီကနေ့ညမှာ ချန်ပီယံလိဂ် အုပ်စု အဝေးကွင်းပွဲအဖြစ် ဘင်ဖီကာနဲ့ ရင်ဆိုင်ရမှာပါ။



ဂျူဗင်တပ်စ်ဟာ ဘင်ဖီကာကို အုပ်စု ပထမအကျော့ အိမ်ကွင်းပွဲမှာ ရှုံးနိမ့်ထားခဲ့ပါတယ်။ လက်ရှိ အသင်းအနေအထားကလည်း နောက်တဆင့်ကို တက်ရောက်ဖို့ တော်တော်လေး ခက်ခဲနေပြီး ဘင်ဖီကာ၊ ပီအက်စ်ဂျီတို့နဲ့ပွဲတွေမှာ သေချာပေါက် အနိုင်ရရှိဖို့ လိုအပ်နေပါတယ်။

ဒါပေမယ့်လည်း အယ်လီဂရီက “ကျနော်တို့ အခုထိ ချန်ပီယံလိဂ်က မထွက်ရသေးသလို ရှုံးထွက် (၁၆) သင်းအဆင့်ကို တက်ရောက်ဖို့အတွက်လည်း အာမခံချက်မရှိသေးပါဘူး။ ယူရိုပါလိဂ်ကို သွားကစားဖို့လည်း မသေချာသေးပါဘူး။ ဒါပေမယ့် ဘင်ဖီကာနဲ့ပွဲ ရလဒ်က အဖြေတခုခုကို သေချာစေမှာပါ။ ကျနော်တို့ မကျရှုံးသေးပါဘူး။ အရာအားလုံး ဖြစ်နိုင်ပါသေးတယ်”

“ကျနော်တို့အတွက် တံခါးဖွင့်ထားဖို့ ဘင်ဖီကာကို သေချာပေါက် အနိုင်ကန်ရပါမယ်။ သူတို့က လက်ရှိ ဥရောပမှာ ရှုံးပွဲမရှိသေးတဲ့ အသင်းတွေထဲက တသင်းပါ။ နာပိုလီ၊ ပီအက်စ်ဂျီ၊ ရီးရဲလ်မက်ဒရစ်တို့နဲ့အတူပေါ့။ နောက်ပြီး သူတို့က အိမ်ရှင်ပရိသတ်အားနဲ့ မတူညီတဲ့ မောင်းနှင်မှုမျိုးရှိနေမှာပါ။ ကျနော်တို့ ဒါကို သိထားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဂျူဗင်တပ်စ်ဟာ ပီအက်စ်ဂျီ၊ ဘင်ဖီကာတို့ထက် (၅) မှတ် လျော့နည်းနေပြီး ဘင်ဖီကာကိုသာ အနိုင်မရရှိခဲ့ရင် သေချာပေါက် ချန်ပီယံလိဂ်က ထွက်ရမှာပါ။ ဒါ့အပြင် မက္ကာဘီဟိုင်ဖာကိုလည်း တပွဲနိုင်၊ တပွဲရှုံးထားတာကြောင့် ယူရိုပါလိဂ်ကို ဆင်းကစားဖို့အတွက်တောင် ဂဏန်းမငြိမ်သေးတဲ့ အနေအထားလည်းဖြစ်ပါတယ်။ 

Share

က္က