လိုင်လီကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပြီးနောက် ချယ်လ်ဆိးကွင်းလယ်လူကန်တေဟာ အသင်းရဲ့ ချန်ပီယံလိဂ်ရှုံးထွက် နောက်ဆုံး ၄ ပွဲစလုံးမှာ အကောင်းဆုံးဆုရရှိခဲ့သူဖြစ်လာခဲ့ပါတယ်။ မနေ့ကပွဲမှာ ချယ်လ်ဆီးက ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ကန်တေက ပူလီဆစ်ရဲ့ သွင်းဂိုးအတွက် ဖန်တီးပေးခဲ့သလို ကွင်းလယ်မှာလည်း အကောင်းဆုံးခြေစွမ်းပြခဲ့ပါတယ်။
အဆိုပါပွဲစဉ်မှာတော့ ကန်တေဟာ ပေးပို့မှု ၉၁% အထိ အောင်မြင်တိကျခဲ့ပြီး ဘောလုံးထိချက် ၆၈ ကြိမ်ရှိခဲ့ကာ ပြိုင်ဘက်အသင်းရဲ့ Final Third အတွင်း ၁၉ ကြိမ်အထိ ဘောလုံးပေးပို့နိုင်ခဲ့ပါတယ်။ ဘောလုံးပြန်ဆယ်ယူနိုင်မှု ၁၀ ကြိမ်ရှိခဲ့ပြီး တဦးချင်းတွေ့ဆုံမှု ၆ ကြိမ်အနိုင်ရခဲ့ကာ ၄ ကြိမ်ဖျက်ထုတ်ခဲ့ပြီး ၂ ကြိမ်က ကြားဖြတ်လုယူနိုင်ခဲ့ပါတယ်။
ဒီလိုအရည်အသွေးတွေကို ပြသနိုင်ခဲ့တဲ့နောက်မှာ သူက အသင်းအတွက် အနိုင်ဂိုးသွင်းယူခဲ့သူတွေကို ကျော်ဖြတ်ပြီး အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ ဒီပွဲအပြီးမှာ သူ့ကိုချီးကျူးမှုတွေ အများကြီးရှိနေခဲ့ပြီး နည်းပြတူချယ်လ်ကိုယ်တိုင်က ကန်တေဆီက အကောင်းဆုံးပုံစံကို ပြန်လည်မြင်တွေ့ခဲ့ရတယ်လို့ ပွဲအပြီးမှာ ဝန်ခံပြောကြားခဲ့ပါတယ်။
"သူနဲ့ပတ်သက်ပြီး ကျေနပ်မိပါတယ်၊ ပြီးခဲ့တဲ့ပွဲတွေမှာ သူက ကန်တေအစစ်မဟုတ်ခဲ့ဘူး၊ ယုံကြည်မှုပိုင်းလည်း သူ အားနည်းခဲ့တယ်၊ ဒီနေ့တော့ သူ နောက်တဆင့်ကို မြှင့်တင်နိုင်ခဲ့ပြီး ပွဲအဖြေကို ပြေင်းလဲပေးနိုင်သူဖြစ်ခဲ့ပါတယ်" လို့ ချီးကျူးခဲ့ပါတယ်။ ကန်တေဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်နှစ်ကျော့စလုံးနဲ့ ဗိုလ်လုပွဲတွေရဲ့ အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။