နှစ်ကျော့ပေါင်းရလဒ်နဲ့ လီဗာပူးတို့ နောက်တဆင့် တက်ခဲ့တာပါ။

ပထမအကျော့ အဝေးကွင်းမှာ နှစ်ဂိုးပြတ်နဲ့နိုင်ထားတဲ့ လီဗာပူးတို့ အခု အိမ်ကွင်းပွဲမှာလည်း အတောင့်တင်းဆုံး လူစာရင်းနဲ့ပဲ ပွဲထွက်လာခဲ့ပါတယ်။ ဒဏ်ရာက သက်သာလာတဲ့ မာတစ်ပ်၊ သီယာဂိုတို့ ပါဝင်လာခဲ့သလို တိုက်စစ်မှာလည်း မာနေး၊ ဂျိုတာ၊ ဆာလာတို့ ပွဲထွက်ခဲ့ပါတယ်။ အင်တာကလည်း ရှက်ခရီညာ၊ ဒီဗာ့ချ်၊ ဗီဒယ်လ်၊ ချာဟာနိုဂလူး၊ ဘရိုဇိုဗစ်၊ ပါရီဆစ်၊ ဆန်းချက်ဇ်၊ လော်တာရိုတို့နဲ့ အင်အားပြည့် ပွဲထွက်လာခဲ့ပါတယ်။



လီဗာပူးတို့ ဒီပွဲမှာ လူစုံပေမယ့် မလိုအပ်ဘဲ စွန့်စားတာမျိုးတွေ မလုပ်ခဲ့ဘဲ ပြိုင်ဘက်အခြေအနေအပေါ် မူတည်ပြီး လိုသလို ထိန်းကစားသွားခဲ့ပါတယ်။ အင်တာကလည်း ဒီပွဲမှာ မဖြစ်မနေ ဂိုးလိုအပ်နေပေမယ့် လီဗာပူးနောက်တန်းကို ထိုးဖောက်နိုင်ဖို့အတွက်တော့ ရုန်းကန်ခဲ့ရပါတယ်။ လီဗာပူးက နောက်ခံလူ မာတစ်ပ်ရဲ့ အပိုင်ခေါင်းတိုက်ချက်တကြိမ် ဂိုးဘားတန်းထိထွက်ခဲ့တာကြောင့် အင်တာတို့ သက်သာခဲ့ရပါတယ်။

ချာဟာနိုဂလူးရဲ့ မထင်မှတ်တဲ့ ပြစ်ဒဏ်ဘောကန်ချက်ကို အယ်လစ်ဆန် ကာကွယ်နိုင်ခဲ့တာကြောင့်လည်း အင်တာတို့ ကံဆိုးခဲ့ရပြီး ဂိုးမရှိသရေနဲ့သာ ပထမပိုင်းပြီးဆုံးခဲ့ရပါတယ်။ ဒုတိယပိုင်းမှာတော့ ပွဲက ပိုမိုကြည့်ကောင်းလာခဲ့ပြီး လီဗာပူးက တိုက်စစ် သိသိသာသာ မြှင့်ခဲ့ပါတယ်။

ဆာလာရဲ့ တကိုယ်တော်ထိုးဖောက်မှုတွေကိုလည်း အင်တာနောက်တန်းက ခက်ခက်ခဲခဲ ဟန့်တားခဲ့ရပြီး ဆာလာရဲ့ အပိုင်ကန်ချက်တကြိမ်ကလည်း တိုင်ထိထွက်ခဲ့ပါတယ်။ လီဗာပူးတို့ ဖိကစားနေရင်းနဲ့ပဲ မာတစ်ပ်ရဲ့ အမှားကတဆင့် လော်တာရိုမာတီနက်ဇ်က အင်တာအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။

ဒါပေမယ့် ချက်ချင်းဆိုသလိုပဲ အင်တာတိုက်စစ်မှူး ဆန်းချက်ဇ် ဖာဘင်ဟိုကို ကစားပုံကြမ်းတမ်းခဲ့တာကြောင့် နှစ်ဝါတနီနဲ့ အထုတ်ခံလိုက်ရပြီး အင်တာတို့ ကံဆိုးခဲ့ရပါတယ်။

နောက်ပိုင်းမှာ နှစ်သင်းလုံး အပြောင်းအလဲတွေလုပ်ခဲ့ပေမယ့် ဂိုးထပ်မရတော့ဘဲ အင်တာတို့ အဝေးကွင်းမှာ နိုင်ပွဲရခဲ့ပေမယ့် နှစ်ကျော့ပေါင်းရလဒ် ၂-၁ ဂိုးနဲ့ပဲ လီဗာပူးတို့ ကွာတားဖိုင်နယ်တက်သွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က