ရီးရဲယ်မက်ဒရစ်ရဲ့ ဂန္တဝင်ဂိုးသမားဟောင်းကြီး ကာဆီးလက်စ်က လက်ရှိ ရီးရဲယ်မက်ဒရစ်က ဒီရာသီ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်တယ်လို့ အံ့အားသင့်ဖွယ် ဖွင့်ဟပြောကြားလာပါတယ်။ ရီးရဲယ်မက်ဒရစ်အနေနဲ့ ဒီရာသီမှာ ရလဒ်ပိုင်းတည်ငြိမ်မှုရရှိဖို့ ရုန်းကန်နေရဆဲအသင်းလို့ဆိုနိုင်ပြီး ချန်ပီယံလိဂ်အိမ်ကွင်းအဖွင့်ပွဲမှာလည်း အုပ်စုတွင်း ခြေစွာနေတဲ့ ရှရစ်ဖ်ကို ရှုံးနိမ်ခဲ့သေးတာပါ။
ကာဆီးလက်စ်က “ကျွန်တော့်စိတ်ထင် လက်ရှိ ရီးရဲယ်မက်ဒရစ်က ချန်ပီယံလိဂ်ဖလားကို အရယူနိုင်စွမ်းရှိတဲ့အသင်းပါ။ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးဖို့ ရေပန်းစားတဲ့ အသင်း (၄) သင်း ဒါမှမဟုတ် (၅) သင်းလောက်ရှိပါတယ်။ ဘိုင်ယန်မြူးနစ်က လက်ရှိအချိန်မှာ အိမ်ကွင်း၊ အဝေးကွင်းမရွေး တော်တော်လေးကို ကောင်းပြနေတာပါ”
“ရီးရဲယ်မက်ဒရစ်ကလည်း လူငယ်ကစားသမားတွေနဲ့ ဒီဆုဖလားကို အရယူနိုင်စွမ်းရှိပါတယ်” လို့ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။ ရီးရဲယ်မက်ဒရစ်အနေနဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ထိပ်ဆုံးက ဦးဆောင်ထားသလို လာလီဂါမှာလည်း ထိပ်ဆုံးကဦးဆောင်နေတဲ့ ဆိုစီဒက်ထက် တစ်ပွဲလျော့၊ (၁) မှတ်အကွာနဲ့ ဒုတိယနေရာက ဖိအားပေးနေတာဖြစ်ပါတယ်။
လက်ကျန်တစ်ပွဲမှာသာ အနိုင်ရရှိခဲ့ရင် ရီးရဲယ်မက်ဒရစ်တို့ လာလီဂါမှာလည်း အမှတ်ပေးဇယားကို ဦးဆောင်နိုင်တော့မှာပါ။ လက်ရှိရာသီ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့အတွက်တော့ စပိန်ကလပ်တွေ ရေပန်းစားမှုက တော်တော်လေးလျော့ကျနေပါတယ်။
များသောအားဖြင့်ကတော့ ဘိုင်ယန်မြူးနစ် ဒါမှမဟုတ် ပရီးမီးယားလိဂ်တစ်သင်းသင်းသာ ဒီရာသီ ချန်ပီယံလိဂ်မှာ အောင်ပွဲခံနိုင်မယ်လို့ ရုပ်သံဝေဖန်ရေးသမားတွေက သုံးသပ်ထားကြပါတယ်။